ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်က CRRC Myanmarရဲ့ ၃၉ မိုင် EV အားသွင်းဂိတ် (39 Miles EV Station)မှာ လာရောက်အားသွင်းတဲ့ လျှပ်စစ်ကား(EV)တွေကို သွားမယ့်ခရီးစဉ်အလိုက် အားသွင်းမှု ရာခိုင်နှုန်း ကန့်သတ်ချက်တွေကို စတင်သတ်မှတ်လိုက်တာပါ။အဆိုပါ အသိပေးချက်အရ ၃၉ မိုင် ဂိတ်မှ ထွက်ခွာမယ့် ခရီးစဉ်များအလိုက် အားသွင်းပေးမယ့် ရာခိုင်နှုန်းတွေကတော့ နေပြည်တော်နဲ့ တောင်ငူ (၁၁၅ မိုင်ဂိတ်) သို့ သွားမယ့် ကားတွေအတွက် ၈၀ ရာခိုင်နှုန်း၊ မော်လမြိုင်နဲ့ ဘားအံ ဘက် သွားမယ့် ကားတွေအတွက် ၉၀ ရာခိုင်နှုန်း၊ ရန်ကုန်မြို့တွင်း ပြန်မယ့် ကားတွေအတွက် ၇၀ ရာခိုင်နှုန်းအထိသာ အားသွင်းပေးမယ်လို့ သိရပါတယ်။အဆိုပါ ကန့်သတ်ချက်တွေကို ဆောင်ရွက်ရာမှာ ခရီးသွားတွေ အမှန်တကယ် သွားမယ့် ခရီးစဉ်ကို အတည်ပြုနိုင်ဖို့အတွက် ဖြတ်သန်းခဲ့တဲ့ တိုးဂိတ်ပြေစာကို ပြသရမှာဖြစ်ပြီး အဲဒီပြေစာအပေါ် မူတည်ကာ လိုအပ်တဲ့ အားသွင်းမှုကို လုပ်ပေးမယ်လို့ ဆိုပါတယ်။ 39 Miles အားသွင်းဂိတ်ဟာ အားသွင်းလိုတဲ့ EV ယာဥ်တွေ များပြားတာကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတတ်ကြောင်း ကားပိုင်ရှင်အချို့က ပြောပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ၃၉ မိုင်ဂိတ်နဲ့ ၁၁၅ မိုင်ဂိတ်တွေမှာ အားသွင်းလိုတဲ့ ကားများ နေ့စဥ် များပြားနေပြီး အခြား အားသွင်းဂိတ်တွေကတော့ တည်ဆောက်ဆဲ ဖြစ်ကြောင်း သိရပါတယ်။



