ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ ချစ်ကြည်ရေးတံတားအမှတ် ၁ ကနေ မဲဆောက်မြို့ကို နိုင်ငံဖြတ်ကျော်ဝင်ရောက်မယ့် မြန်မာဘက်က ကားတွေကို ပိုင်ရှင်အမည်ပေါက်ဖြစ်မှသာ ထိုင်းအာဏာပိုင်တွေက ဝင်ခွင့်ပြုတယ်လို့ ကားပိုင်ရှင်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ အမည်ပေါက်ကား မဟုတ်ပါက ကိုယ်စားလှယ်လွှဲပြောင်းစာချုပ်ပါမှ သွားလာခွင့်ပြုမှာဖြစ်ကြောင်း ၊ ဒီကန့်သတ်ချက်မှာ အကျုံးဝင်တဲ့ကားတွေက အခုမှ ပကန်(အာမခံ)အသစ်လျှောက်ပြီး ချစ်ကြည်ရေးတံတား ၁ ကနေ ဖြတ်သန်းသွားလာမယ့် ကားတွေ အဓိကဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ယာဥ်အမည်ပေါက်တဲ့ ပိုင်ရှင်ကိုယ်တိုင် မောင်းနှင်မှသာ ဖြတ်သန်းသွားလာခွင့် ပြုတဲ့အခြေအနေကြောင့် ကားသမားတချို့ တံတား ၁ ကိုဖြတ်သန်းခွင့်မရဘဲ နောက်ပြန်လှည့်ရတာတွေ ရှိနေတယ်လို့ သိရပါတယ်။ သင်္ကြန်မတိုင်ခင်အထိကို မြန်မာဘက်က လိုင်စင်ရှိကားအားလုံးကို တံတား ၁ ကနေ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီး သင်္ကြန်ပြီးကာလမှာတော့ ခုလို ကန့်သတ်လိုက်တာ ဖြစ်တယ်လို့သိရပါတယ် ။



