ထိုင်းနိုင်ငံ၊ ပါချင်ဘူရီခရိုင်ရှိ လေအေးပေးစက်စက်ရုံတစ်ရုံမှ မြန်မာအလုပ်သမား ၆၀၀ ခန့်သည် ဧပြီလ ၁၆ ရက်တွင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံခဲ့ရပြီးနောက် နစ်နာကြေးနှင့် လုပ်ခလစာများ ပြန်လည်ရရှိရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့နှင့်အတူ သက်ဆိုင်ရာအလုပ်သမားရုံးများတွင် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ ညှိနှိုင်းချက်အရ ဘဏ်အကောင့်မရှိသူများကို အလုပ်ပြန်ခန့်ရန်နှင့် ဘဏ်အကောင့်ရှိသူများကို ချွန်ဘူရီရှိ စက်ရုံခွဲသို့ ပြောင်းရွှေ့ရန် ကနဦးသဘောတူညီမှုရရှိထားသော်လည်း ဘဏ်အကောင့်မရှိသည့် အလုပ်သမားအချို့မှာ ကျပ်ငွေ သိန်းရာချီ (ဘတ်ငါးသောင်းမှ တစ်သိန်းခန့်) အထိ လုပ်အားခများ ရရန်ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။


