မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်များတွင် ဆီဝယ်ယူရန် အချိန်ကြာမြင့်စွာ တန်းစီနေရမှုများကို လျှော့ချနိုင်ရေးအတွက် စက်သုံးဆီများကို QR Code (ဘားကုတ်) စနစ်ဖြင့် အမြန်ဆုံး ပြောင်းလဲရောင်းချရန် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ဧပြီလ ၁၈ ရက်နေ့တွင် ညွှန်ကြားခဲ့သည်။ မုဒုံမြို့နယ်ရှိ Puma Power ဆိပ်ကမ်းသို့ သွားရောက်စစ်ဆေးစဉ် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်များအတွက်သာမက မိုးရာသီစိုက်ပျိုးရေးအတွက်ပါ ဆီပြတ်လပ်မှုမရှိစေရန် ကြိုတင်ပြင်ဆင်ထားရန် မှာကြားခဲ့သည်။လက်ရှိတွင် မွန်ပြည်နယ်၌ ဘားကုတ်စနစ် မရှိသေးခြင်းကြောင့် ဒေသခံများမှာ အချိန်ကြာမြင့်စွာ ညအိပ်တန်းစီဝယ်ယူနေရဆဲဖြစ်ပြီး၊ တောင်ကြီးနှင့် မန္တလေးကဲ့သို့သော ဒေသများတွင် ဘားကုတ်စနစ်ဖြင့် အဆင်ပြေပြေ ဝယ်ယူနေရမှုနှင့် ကွာခြားနေကြောင်း ဒေသခံများက ဆိုသည်။ အထူးသဖြင့် လယ်သမားများမှာ နွေစပါးအတွက် ရေသွင်းရန် ဆီအခက်အခဲဖြစ်နေပြီး၊ မိုးရာသီအတွက်လည်း ထွန်ယက်စိုက်ပျိုးနိုင်ခြင်း မရှိတော့မည်ကို စိုးရိမ်နေကြသည်။ မွန်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်းမှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမြင့်ဆုံးတန်းတွင် ရှိနေကြောင်း သိရှိရပါသည်။
Apr 21 • 4:59 AM
Myanmar
Mon
Share
| 22 | 0 | 0 | 0 |


