မကွေးတိုင်းကမြို့တွေမှာ အပူချိန်မြင့်တက်နေမှုကြောင့် ၂၄နာရီအတွင်း သက်ကြီးပိုင်း ၂ဦး ဦးနှောက်သွေးကြောပြတ် သေဆုံးပြီး သက်ကြီးပိုင်းတစ်ဦးလည်း အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။မနေ့က ဧပြီ ၁၉ရက်က ရေနံချောင်းမြို့မှ အသက်(၆၀)ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ မူးလဲလို့ ဆေးရုံခေါ်လာချိန် မကွေးဆေးရုံကြီးသို့ အရောက်မှာ ဦးနှောက်သွေးကြောပြတ် ဆုံးပါးသွားခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အလားတူ မကွေးမြို့ပေါ်က အသက်(၆၀)ကျော် အမျိုးသားတစ်ဦးလည်း အပူဒဏ်ကြောင့် သတိလစ်လဲကျသွားလို့ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရကြောင်း လူမှုကူညီရေးအသင်းဝင် တွေက ပြောပါတယ်။ ဒီကနေ့ ဧပြီ ၂၀ ရက်မှာလည်း မကွေးမြို့ပေါ်မှာ ဆေးရုံတက်နေတဲ့ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာမှ အသက်(၅၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း အပူရှိန်ကြောင့်ပဲ ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။



