ယူအေအီး စီးပွားရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် စားသုံးသူများအတွက် အခြေခံစားသောက်ကုန်စျေးနှုန်းများကို အလွယ်တကူ နှိုင်းယှဉ်ကြည့်ရှုနိုင်ပြီး ဈေးအသက်သာဆုံးနေရာများကို ရှာဖွေနိုင်မည့် "Main Commodities Prices Platform" အမည်ရှိ ဒစ်ဂျစ်တယ်ပလက်ဖောင်းသစ်တစ်ခုကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် တရားဝင် စတင်လိုက်ကြောင်း သိရသည်။
ဤပလက်ဖောင်းတွင် နိုင်ငံအတွင်းရှိ ထိပ်တန်းအရောင်းဆိုင်ကြီး ၁၂ ခုမှ အခြေခံကုန်စည် ၃၃ မျိုး၏ ဈေးနှုန်းများကို တိုက်ရိုက် (Live) ဖော်ပြပေးထားသည်။ စောင့်ကြည့်စစ်ဆေးနေသည့် ကုန်စည်များတွင် ဟင်းချက်ဆီ၊ ကြက်ဥ၊ နို့ထွက်ပစ္စည်းများ၊ ဆန်၊ သကြား၊ အသား၊ ငါး၊ ပဲမျိုးစုံ၊ ပေါင်မုန့်၊ ဂျုံနှင့် ဟင်းသီးဟင်းရွက်များ (ခရမ်းချဉ်သီး၊ အာလူး၊ ကြက်သွန်နီ စသည်) ပါဝင်သည်။အဆိုပါစနစ်သည် စျေးကွက်အတွင်း မတရားစျေးတင်ရောင်းချမှုများကို တားဆီးရန်၊ ငွေကြေးဖောင်းပွမှုကို ထိန်းညှိရန်နှင့် စားသုံးသူများ၏ အခွင့်အရေးကို ကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ အထူးသဖြင့် အခြေခံကုန်စည် ၉ မျိုး (ဆီ၊ ကြက်ဥ၊ နို့ထွက်ပစ္စည်း၊ ဆန်၊ သကြား၊ ကြက်သား၊ ပဲ၊ ပေါင်မုန့်နှင့် ဂျုံ) အတွက် စျေးနှုန်းတိုးမြှင့်လိုပါက ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက် ရယူရမည်ဖြစ်ပြီး၊ ယခု ပလက်ဖောင်းမှတစ်ဆင့် စျေးနှုန်းများကို အများပြည်သူက ပွင့်လင်းမြင်သာစွာ စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


