အီရန်ကဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးပေမဲ့ အမေရိကန်အနေနဲ့ ရေကြောင်းကုန်သွယ်ရေး ပိတ်ဆို့မှုကို အဆုံးသတ်ရမယ်လို့ ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြပါတယ်။ ဒ့ါအပြင် အမေရိကန်ဘက်က ပိတ်ဆို့မှုတွေ ဆက်လက်လုပ်ဆောင်နေရင် ရေလက်ကြားကို ပြန်လည်ပိတ်မယ်လို့လည်း အီရန်က သတိပေး ပြောကြားခဲ့ပါတယ်။ ထရမ့်က ရေလက်ကြား ဖွင့်လှစ်မှုကို “အလွန်ကောင်းမွန်တဲ့နေ့”လို့ ခေါ်ဆိုခဲ့ပေမဲ့ နှစ်ဖက်ကြား ကွဲပြားမှုတွေ ရှိနေဆဲဖြစ်တယ်လို့ အီရန်အရာရှိတွေက ပြောကြားခဲ့ပါတယ်။ လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲထားချိန် ရေနံနဲ့ ကုန်တင်သင်္ဘောတွေအားလုံး ဖြတ်သန်းနိုင်ဖို့ ဟော်မုဇ် ရေလက် ကြားကို ယာယီ ပြန်ဖွင့်ပေးမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘာ့စ် အရက်ဂ်ချီက ထုတ်ဖော်ပြော ကြားလိုက် တာပါ။ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်တော့မယ် ဆိုတာကို သမ္မတ ထရမ့်ကလည်း ဆိုရှယ် မီဒီယာပေါ်မှာ ကျေးဇူးတင် စကားပြောပြီး အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန်က ရေကြောင်း ကနေ ပိတ်ဆို့ထားတာကိုတော့ အီရန်နဲ့ အပေးအယူ ၁၀၀ ရာခိုင်နှုန်း အကောင်အထည်ဖော်ပြီးချိန်အထိ အပြည့် အဝ ဆက်ထားထားမယ်လို့ ဆိုပါတယ်။



