ထိုင်းနိုင်ငံ၊ ပါကျင်ဘူလီခရိုင်ရှိ အဲကွန်းစက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၆၂၂ ဦးမှာ ဆုန်ခရမ်ပွဲတော်ကာလအတွင်း ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံခဲ့ရကြောင်း သိရသည်။ အဆိုပါစက်ရုံသည် အလုပ်သမားများကို ဧပြီလ ၁၄ ရက်နေ့တွင် Line App မှတစ်ဆင့် ဧပြီလ ၁၆ ရက်နေ့မှစ၍ အလုပ်ဆင်းရန်မလိုတော့ကြောင်း အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု WAG အဖွဲ့က ထုတ်ပြန်ထားသည်။အလုပ်ထုတ်ခံရသည့် အလုပ်သမားများသည် အလုပ်ဝင်ရန်အတွက် အေဂျင်စီပွဲစားများကို ဘတ် ၅,၅၀၀ မှ ၇,၅၀၀ အထိ အသီးသီးပေးဆောင်ခဲ့ရသူများဖြစ်ပြီး အချို့မှာ အလုပ်စဝင်ချိန်မှစ၍ လစာမရရှိသေးသူများလည်း ပါဝင်နေသည်။ လက်ရှိတွင် စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားမှာ နေရပ်ပြန်သွားသဖြင့် ညှိနှိုင်းမှုများပြုလုပ်ရန် နောက်တစ်ပတ်သို့ ပြန်လည်ချိန်းဆိုထားရပြီး အလုပ်သမားများက ၎င်းတို့ရရှိသင့်သည့် အခွင့်အရေးနှင့် လုပ်ခလစာများ ပြန်လည်ရရှိရန် အကူအညီတောင်းခံထားကြောင်း သိရှိရပါသည်။
| 11 | 0 | 0 | 0 |


