ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံနှင့် တာချီလိတ်မြို့များတွင် သင်္ကြန်အကျနေ့ (ဧပြီ ၁၄ ရက်) အတွင်း ဆိုင်ကယ်မတော်တဆမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူနာများကို ဆေးရုံတင်ပို့ခဲ့ရကြောင်း ဒေသခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။ကျိုင်းတုံမြို့တွင် ညနေ ၅ နာရီခန့်က ဆိုင်ကယ်ကျိုင်းတုံ–လွယ်မွေလမ်း ဝမ်တုံရွာအနီး၌ ဆိုင်ကယ်တစ်စီး လမ်းဘေးအုတ်တိုင်ကို တိုက်မိကာ လဲကျခဲ့ပြီး အမျိုးသားတစ်ဦး မေ့လဲနေသဖြင့် လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီကာ ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ထို့အပြင် ၅ နာရီခန့်တွင် ကျိုင်းတုံမြို့ နမ့်ဝေါ်အွဲရွာ၌လည်း ဆိုင်ကယ်အက်စီးဒင့်တစ်ခု ထပ်မံဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းမှ ချက်ချင်းသွားရောက်ကူညီကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။အလားတူ တာချီလိတ်မြို့တွင်လည်း သင်္ကြန်အကျနေ့ တစ်ရက်တည်းအတွင်း ဆိုင်ကယ်မတော်တဆမှု ၃ မှု ဖြစ်ပွားခဲ့ပြီး လူနာ ၃ ဦးကို ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဝမ်ကောင်းဈေးကုန်းပေါ်မှ ဆိုင်ကယ်တစ်စီး ကုန်းပေါ်မှ ပြန်ကျလာသဖြင့် လူငယ်တစ်ဦး ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ထို့အပြင် လွယ်စတုံရွာ လမ်းမပေါ်၌ ကားနှင့် ဆိုင်ကယ်တိုက်မိမှု ဖြစ်ပွားခဲ့ပြီး အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦး ခြေကျိုးဒဏ်ရာနှင့် ဦးခေါင်းထိခိုက်ဒဏ်ရာများဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ထို့ပြင် နေ့လည် ၁၁ နာရီခန့်တွင် တာချီလိတ်မြို့ ဟောင်လိတ် စက်မှုဇုန်နေ အမျိုးသားတစ်ဦး ဆိုင်ကယ်အိတ်ဇော ထိခိုက်ဒဏ်ရာဖြင့် နေအိမ်မှ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။



