တနင်္သာရီတိုင်း၊ထားဝယ်မြို့တွင် သင်္ကြန်ကာလ၌ စက်သုံးဆီကို နေ့တစ်ဝက်သာ ရောင်းချမည်ဖြစ်ကြောင်း စက်သုံးဆီဆိုင်များတွင် ကြေညာထားသည်။ ယခင်က နံနက် ၆ နာရီခွဲမှ ညနေ ၅ နာရီအထိ မော်တော်ယာဉ်များကို အချိန်ခွဲခြား ရောင်းချပေးနေရာမှ သင်္ကြန်ကာလတွင်မူ နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အထိသာ ရောင်းချပေးတော့မည်ဖြစ်ကြောင်း ကြေညာထားခြင်းဖြစ်သည်။ သင်္ကြန်ကာလတွင် စက်သုံးဆီဆိုင် ဝန်ထမ်းများ နှစ်သစ်ကူး နားရက်ပေးနိုင်ရန်အတွက် နေ့တစ်ဝက်သာ ရောင်းချပေးရန် စီစဉ်ရခြင်းဖြစ်ကြောင်း စက်သုံးဆီဆိုင် မန်နေဂျာတစ်ဦးက ပြောသည်။ “သင်္ကြန်ဆိုတော့လေ နားရက်ဖြစ်နေတာကိုး။ ဆိုင်က ဝန်ထမ်းတွေကလည်း နှစ်သစ်ကူးဆိုတော့ နားရက်ပေးဖို့ လိုတယ်လေ။ အဲဒါကြောင့်ပါ။ တခြားအကြောင်းတော့ မရှိပါဘူး” ဟု ၎င်းက ပြောဆိုသည်။



