ပြည်တွင်း၌ ဓာတ်မြေသြဇာစျေးနှုန်းများ ကျပ် (၂) သိန်းကျော်အထိ မြင့်တက်လာနေမှုကြောင့် တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဧပြီလ (၁၁) ရက်နေ့တွင် သိရသည်။မြေသြဇာစျေးနှုန်းများ အဆမတန်မြင့်တက်လာနေသည့်အပြင် စိုက်ပျိုးသီးနှံများ၏ ရောင်းချစျေးနှုန်းများ ကျဆင်းနေမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့နယ်ရှိ တောင်သူများ ယခုနှစ် ဆန်စပါးစိုက်ပျိုးရန် အခက်တွေ့နေကြောင်း သိရသည်။လက်ရှိ မြန်မာနိုင်ငံ မြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုး ရေးလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်အရ ယူရီးယားမြေသြဇာ (၅၀) ကီလို တစ်အိတ်ကို (၉) သောင်း (၄) ထောင်ကျပ်၊ ဖော့စဖိတ် ၁၅ ပတ်လည် (၅၀) ကီလို တစ်အိတ်ကို (၁) သိန်း တစ်သောင်း (၅) ထောင်ကျပ်ရှိကြောင်း ဖော်ပြထားသော်လည်း ရှမ်းတောင်ဒေသတွင် တစ်အိတ်လျှင် (၂) သိန်း (၅) သောင်းကျော်အထိ ပေးဝယ်နေရကြောင်း သိရသည်။



