ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ကျားသစ်နက်ကို မှောင်ခိုသယ်ယူခဲ့မှုဖြင့် မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဧပြီလ ၈ ရက်က မဲဆောက်မြို့ ဈေးဝယ်စင်တာတစ်ခု၏ ကားပါကင်တွင် မြန်မာနိုင်ငံသားနှစ်ဦးကို ရဲတပ်ဖွဲ့က ကြိုတင်စောင့်ဆိုင်း၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကျားသစ်နက်သည် မျိုးသုန်းလုနီးပါး ကမ္ဘာ့ရှားပါး ကျားသစ်မျိုးနွယ်ဖြစ်ပြီး ယခု သယ်ဆောင်လာသည့် ကျားသစ်နက်မှာ ၇ လသားအရွယ်ဖြစ်ကြောင်း ဖော်ပြသည်။ ဧပြီလ ၈ ရက်တွင် သံသယရှိသူသည် ကားဖြင့် ပစ္စည်းလာယူစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကားနှင့် ဖုန်းများကို သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားနှစ်ဦးကလည်း ကျားသစ်နက်ဟု မသိရှိထားဘဲ ကြောင်အနက်ဟုသာ သိရှိ၍ လာယူခြင်းဖြစ်ကြောင်း ထွက်ဆိုကြောင်း ဖော်ပြသည်။ ၎င်းကို မြဝတီဘက်သို့ ဘတ်၂၅၀၀၀ ဖြင့် ပို့ဆောင်ပေးရန် စေခိုင်းခဲ့သဖြင့် လာယူပေးခြင်းဖြစ်ကြောင်း ဆိုသည်။



