တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ထိုင်းနိုင်ငံမှ မင်းသမီး မဟာချက်ကရီ သီရိဒုံ (Princess Maha Chakri Sirindhorn) နှင့် ပေကျင်းမြို့၌ တွေ့ဆုံခဲ့သည်။ မင်းသမီးသည် တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ ဧပြီလ ၄ ရက်မှ ၁၁ ရက်အထိ ၈ ရက်ကြာ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေခြင်း ဖြစ်သည်။
တွေ့ဆုံပွဲတွင် ဝမ်ယိက မင်းသမီးအား "တရုတ်ပြည်သူတို့၏ မိတ်ဆွေဟောင်း" အဖြစ် တင်စားပြောကြားခဲ့ပြီး၊ လွန်ခဲ့သည့် ၄၅ နှစ်အတွင်း တရုတ်နိုင်ငံသို့ ၅၇ ကြိမ်တိုင်တိုင် လာရောက်ခဲ့ကာ တရုတ်-ထိုင်း ချစ်ကြည်ရေးအတွက် ထူးခြားစွာ စွမ်းဆောင်ခဲ့သူအဖြစ် ချီးကျူးခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသည့် "တရုတ်-ထိုင်း အနာဂတ်အကျိုးတူ အသိုက်အဝန်း" တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ရန်နှင့် မင်းသမီး အထူးစိတ်ဝင်စားသည့် အဆင့်မြင့်နည်းပညာ၊ ပညာရေးနှင့် ပြည်သူ့လူနေမှုဘဝ မြှင့်တင်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။



