ထားဝယ်ဒေသတွင် စက်သုံးဆီစျေး မြင့်တက်နေမှုကြောင့် ထားဝယ်ရိုးရာ မုန့်လက်သုပ်လည်း စျေးထပ်တက်သွားပြီး တစ်ပွဲ တစ်ထောင့်ငါးရာကျပ် ဖြစ်လာကြောင်း စျေးကွက်အတွင်းမှသိရသည်။ယခင်က ထားဝယ်ရိုးရာ မုန့်လက်သုပ်တစ်ပွဲ ၁,၀၀၀ ကျပ်သာ ရှိရာမှ ယခု မတ်လ နောက်ဆုံးပတ်ကစပြီး အနည်းဆုံး ၁,၅၀၀ ကျပ် ဖြစ်လာခြင်းဖြစ်သည်။စက်သုံးဆီစျေး တက်နေမှုကြောင့် မုန့်လက်သုပ်တစ်ပွဲတွင် မဖြစ်မနေပါရသည့် အဓိကပါဝင်ပစ္စည်းတစ်မျိုးဖြစ်သည့် မုန့်တီဖတ် စျေးအပါအဝင် အခြားပါဝင်ပစ္စည်းများ စျေးတက်ခြင်းကြောင့် စျေးတက်လာရခြင်းဖြစ်ကြောင်း ထားဝယ်မုန့်လက်သုပ် ရောင်းချသူအချို့၏ ပြောကြားချက်အရ သိရသည်။ထားဝယ်မုန့်လက်သုပ်တွင် မုန့်တီဖတ်၊ ကြက်သွန်နီနှင့် ငါးဒွန်းခြင်းငါးတို့မှာ အဓိကပါဝင်ပစ္စည်းများဖြစ်သည်။ထားဝယ်မုန့်လက်သုပ်၏ အဓိကပါဝင်ပစ္စည်းဖြစ်သည့် မုန့်တီဖတ်မှာ စက်သုံးဆီအခက်အခဲ မဖြစ်ခင်က မုန့်တီဖတ်တစ်ခြင်းလျှင် ၄၂,၀၀၀ ကျပ်မှ ယခု ၅၀,၀၀၀ ကျပ်အထိ စျေးမြောက်သွားကြောင်း မုန့်တီဖတ် ထုတ်လုပ်ရောင်းချသူတစ်ဦးက ပြောသည်။မတ်လ ပထမပတ်က ထားဝယ်စျေးကွက်တွင် ကြက်သွန်နီတစ်ပိသာ ၂,၆၀၀ ကျပ်မှ ယနေ့ ၃,၅၀၀ ကျပ်၊ ငါးဒွန်းခြင်းငါး တစ်ပိသာ ၉,၀၀၀ ကျပ်မှ ၁၆,၀၀၀ ကျပ်အထိ စျေးတက်သွားသည်။ယခင်က မုန့်တစ်ခြင်းကို ကျပ် ရှစ်ထောင်ခန့် ကျန်မည့်နေရာတွင် ယခု စက်သုံးဆီစျေး မြင့်တက်ခြင်းကြောင့် သုံးထောင်ကျပ်ခန့်သာ အကျိုးအမြတ် ရရှိတော့ကြောင်း အထက်ပါ မုန့်တီဖတ် ထုတ်လုပ်သည့် အမျိုးသမီးက ပြောသည်။



