တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာအပြင် ဥယျာဥ်ခြံထဲတွင် နေထိုင်သည့်ဒေသခံတစ်ဦးသည် ခြံထဲမှပျောက်သွားသဖြင့် လိုက်လံရှာဖွေရာ ခြောက်ရက်ကြာသည်အထိ ပြန်မတွေ့သေးကြောင်း ဒေသခံများက ပြောသည်။ ဘန်းလမွတ်ရွာအပြင်ရှိ ကွမ်းခြံတွင်နေထိုင်သူ ဦးလှိုင်ဝင်းသည် ပြီးခဲ့သည့် ဧပြီလ ၃ရက် ညဦးပိုင်းတွင် ခြံထဲရှိတဲမှ ပျောက်သွားသဖြင့် မိသားစုနှင့် ဒေသခံများ ရှာဖွေကြသော်လည်း ယနေ့အချိန်ထိ ပြန်မတွေ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
ဦးလှိုင်ဝင်း နေထိုင်သည့် ဥယျာဉ်ခြံမှာ ကျေးရွာအနီးတွင်ဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် ပျောက်ဆုံးသွား သည်ကို သေသေချာချာ မသိရသေးကြောင်း ၎င်းတို့က ပြောဆိုသည်။အသက် ၄၈နှစ်အရွယ် ဦးလှိုင်ဝင်းနှင့်အတူ ဆိုင်ကယ်တစ်စီးနှင့် ဖုန်းတစ်လုံးပါသွားကြောင်း အထက်ပါဒေသခံအမျိုးသားက ဆိုသည်။


