ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် မြန်မာနှစ်သစ်မင်္ဂလာအခမ်းအနားကို ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။အဆိုပါ အခမ်းအနားကို ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပမည်ဖြစ်ပြီး မနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် အမွှေးနံ့သာများဖြင့် ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်သည်။ထို့နောက် မနက် ၅ နာရီခွဲတွင် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် စောင့်ရှောက်ရေး သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး မနက် ၆ နာရီခွဲတွင် ရင်ပြင်တော်တောင်ဘက်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ နှစ်သစ်မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပမည်ဖြစ်သည်။



