အလွန်အမင်း ပူပြင်းနေတဲ့ ဘန်ကောက် ရာသီဥတုကို အံတုနိုင်ဖို့ ဘန်ကောက်မြို့တော်စည်ပင်သာယာရေးအဖွဲ့က မြို့အနှံ့ အပူရှောင်စင်တာတွေ ဖွင့်လှစ်ပြီး ပြည်သူတွေကို အေးချမ်းအောင် ဆောင်ရွက်ပေးနေပါတယ်။ ဒီ အပူရှောင်စင်တာတွေကို ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း လာရောက်သူ ၅၉၀၀၀ ကျော်ရှိတယ်လို့ မြို့တော်စည်ပင်ကပြောပါတယ်။ ဘန်ကောက်မြို့အနှံ့ ခရိုင်ရုံး၊ ပြည်သူ့ကျန်းမာရေးဌာန၊ လူငယ်စင်တာနဲ့ ကျောင်းတွေမှာ အပူရှောင်စင်တာတွေကိုဖွင့်လှစ်ထားပြီး စင်တာပေါင်း ၃၁၃ ခု စာရင်းရှိပါတယ်။ ထပ်တိုးအနေနဲ့ ဘုန်းတော်ကြီးကျောင်း၊ ပန်းခြံတွေမှာပါ ထပ်ဖွင့်နေပြီး နောက်ထပ် နေရာ ၂၇၂ ခုလာဖို့ရှိပါတယ်။ ဒီစင်တာတွေမှာ အချိန်ပြည့် လေအေးပေးစက်၊ သောက်သုံးရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပေးပြီး အပူရှောင်လာသူတွေကို ဝန်ဆောင်မှုပေးနေပါတယ်။



