မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းချနေသူများရောက်ရှိနေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် နံနက် ၈နာရီ ၃၀မိနစ်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက်၊ ၅၄(ဘီ)လမ်း၊ ၁၂၈ x ၁၂၉ လမ်းကြား၌ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချသူများဖြစ်သည့် အောင်ကျော်စိုးနှင့် ဇနီးဖြစ်သူ သူဇာသန်း (ခ) သီတာတို့အား ဖမ်းဆီးရမိခဲ့ပြီး အမရပူရမြို့နယ်၊ ဒေါင်းရွေးကျေးရွာရှိ ၎င်းတို့၏နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၉.၂၂ သိန်းပြား(ခန့်မှန်းတန်ဖိုး ၁ ပြားလျှင် ၁၅၀၀ ကျပ်)၊ ဘိန်းဖြူ ၅.၅ ကီလို ဂရမ်(ခန့်မှန်းတန်ဖိုး ၁ ကီလိုဂရမ်လျှင် ငွေကျပ်သိန်း ၂၅၀ ကျပ်)၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဒသမ ၀၂ ဘီလီယံခန့်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန်ရှိသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နေ အိုက်ချွမ် (ဖမ်းဆီးရန်ကျန်) က မူးယစ်ဆေးဝါးများကို မန္တလေးမြို့အတွင်း ပြန်လည်ရောင်းချရန် ၎င်း၏ အစီအစဉ်ဖြင့် အမရပူရမြို့နယ်၊ ဒေါင်းရွေးကျေးရွာရှိ အောင်ကျော်စိုးနှင့် ဇနီးဖြစ်သူ သူဇာသန်း (ခ) သီတာ တို့၏နေအိမ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ အိုက်ချွမ် (ဖမ်းဆီးရန်ကျန်) ပို့ဆောင်ပေးသည့် မူးယစ်ဆေးဝါးများကို အောင်ကျော်စိုးနှင့် ဇနီးဖြစ်သူ သူဇာသန်း (ခ)သီတာတို့က မန္တလေးမြို့တွင် ပြန်လည်ဖြန့်ဖြူးရောင်းချခဲ့ကြောင်း သိရှိရသည်။ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တရားခံပြေးများအပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။



