ကယား (ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းရှိ လိုဘာခိုဆွေမျိုးစုနှင့် ယပ်ခူဆွေမျိုးစုတို့အကြား နှစ်ပေါင်း (၂၂၀)ကျော်ကြာ ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခ ပြန်လည်သင့်မြတ်ခြင်း အခမ်းအနားကို ယမန်နေ့ ဧပြီလ (၇)ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။အခမ်းအနားတွင် အဖွင့်ဆုတောင်းခြင်း၊ အမှာစကားပြောခြင်း၊ ပြန်လည်သင့်မြတ်ခြင်း သဘောတူညီမှု စာချုပ်ချုပ်ဆိုခြင်း၊ ယဥ်ကျေးမှုအက ကပြဖျော်ဖြေခြင်း၊ ကယန်းဘုံအက ကခြင်း၊ မိတ်ဆုံစားခြင်းတို့ ပြုလုပ်ခဲ့သည်။လွန်ခဲ့သည့် အေဒီ (၁၈၀၀) ခန့်တွင် လိုဘာခို ဆွေမျိုးစု သတို့သားတစ်ဦးသည် ယပ်ခူဆွေမျိုးစုထဲက ညီမ (၂)ဦးအနက် ညီမဖြစ်သူကို တောင်းရမ်းခဲ့ရာ ယပ်ခူဘက်မှ အမဖြစ်သူကိုသာ ပို့ဆောင်ပေးခဲ့သော်လည်း လိုဘာခိုရွာအထိ မရောက်ဘဲ ကျေးရွာ (၂)ခုကြားတွင် သေဆုံးခဲ့သည်။ထို့နောက် ယပ်ခူကျေးရွာဘက်မှ ညီမဖြစ်သူကို ထပ်မံ ပို့ဆောင်ပေးခဲ့ရာတွင်လည်း လမ်းခုလတ်တွင် သေဆုံးခဲ့ပြီးနောက် လိုဘာခိုဘက်ကို ယပ်ခူဘက်မှ လူကိုမပေးဘဲ အလောင်းသာ ပေးကြောင်း၊ ယပ်ခူဘက်မှ လူကို လိုဘာခိုမှ သေချာမစောင့်ရှောက်ကြောင်း အငြင်းပွားပြီး တူမီး၊ ဓား၊ လှံ၊ တုတ်တို့ဖြင့် တိုက်ခိုက်ကာ ပဋိပက္ခဖြစ်ခဲ့သည်။ပြန်လည်မသင့်မြတ်မီ ကာလများတွင်လည်း လိုဘာခိုနှင့် ယပ်ခူ ဆွေမျိုးစုအကြား အိမ်ထောင်ပြုပါက အရွယ်မတိုင်မီ သေဆုံးသည်ဟု အယူအဆများ ရှိခဲ့ကြသည်။ထို့ကြောင့် အယူအဆများကို ပယ်ဖျက်ရန်၊ အငြင်းပွားမှုများ၊ အမုန်းတရားများကို ဖြေလျော့ရန် ပြန်လည်သင့်မြတ်ရေး သဘောတူညီခဲ့ကြခြင်းဖြစ်သည်။



