မြန်မာနိုင်ငံမှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်ကနေ ဧပြီလအထိ နေ့စဉ်ပျမ်းမျှ စက်သုံးဆီသုံးစွဲမှုမှာ ၃ ဒသမ ၅၄ သန်းဂါလန်ရှိနေတာကနေ ဂါလန်၂ သန်းခွဲထိ ကျဆင်းလာခဲ့ပြီး နေ့စဉ်ပျမ်းမျှ သုံးစွဲမှုနှုန်း ၂၉ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့တယ်လို့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။နေ့စဉ်ပျမ်းမျှ သုံးစွဲမှုနှုန်း ၂၉ ရာခိုင်နှုန်း လျှော့ချနိုင်တာကြောင့် တစ်ရက်ကို နိုင်ငံခြားငွေသုံးစွဲမှု အမေရိကန် ဒေါ်လာ ၆ သန်းခန့် သက်သာစေမှာဖြစ်ပြီး အရန်ဆီ သိုလှောင်နိုင်မှု ၁၀ ရက်စာ ပိုမို သိုလှောင် လာနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။နိုင်ငံတော်အနေနဲ့ စက်သုံးဆီတွေကို နှစ်စဉ် တန်ချိန် ၅ သန်းခန့် တင်သွင်းနေရတဲ့အတွက် အမေရိကန် ဒေါ်လာ သန်း ၅,၀၀၀ ကျော် သုံးစွဲရမှာဖြစ်ပေမဲ့ စက်သုံးဆီကို စနစ်တကျ သုံးစွဲလာနိုင်ရင် နှစ်စဉ် အမေရိကန် ဒေါ်လာ သန်း ၂၀၀၀ ခန့် လျော့နည်းသက်သာစေမှာ ဖြစ်ပါတယ်။စက်သုံးဆီဖူလုံမှုအနေနဲ့ ဓာတ်ဆီ ရက်(၄၀)နဲ့ ဒီဇယ် ရက်(၅၀)စာရှိနေပြီး ဧပြီလအတွင်းမှာ သင်္ဘာ ၂၆ စင်း ထပ်မံ တင်သွင်းဖို့ စီမံထားရှိသလို မိတ်ဆွေနိုင်ငံတွေကနေ တင်သွင်းဖို့ ရေရှည်အစီအမံ ပြုလုပ်ကာ ဝယ်ယူရရှိနိုင်ရေး ကိုလည်း ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံမှာ စက်သုံးဆီ အခက်ခဲကို ဖြေရှင်းဖို့အတွက် စီမံခန့်ခွဲမှုနည်းလမ်းတွေ၊ ဒစ်ဂျစ်တယ်နည်းပညာ အခြေ ပြု ရောင်းချတဲ့စနစ်တွေနဲ့ ကြပ်မတ်ထိန်းကျောင်းကာ ရောင်းချပေးနေတာပါ။ အဲဒါကြောင့် နိုင်ငံတော်ရဲ့ စက်သုံး ဆီတင်သွင်းမှု၊ ဖြန့်ဖြူးရောင်းချမှုမှာ စည်းစနစ်မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်ရှိလာပြီး စက်သုံးဆီသုံးစွဲမှုကို သိသိသာသာ လျှော့ချနိုင်ခဲ့တာဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။



