၂၀၂၆ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရေကစားမဏ္ဍပ်များအနေဖြင့် ခွင့်ပြုမိန့်မရှိဘဲ စည်ပင်သာယာပိုင်ရေကို အသုံးပြုပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သတိပေးထုတ်ပြန်ထားသည်။ မဏ္ဍပ်ဆောက်လုပ်မည့်သူများအနေဖြင့် ကြိုတင်ခွင့်ပြုချက်ရယူကာ စည်းကမ်းချက်များကို လိုက်နာမည်ဖြစ်ကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးရမည်ဖြစ်ပြီး၊ စည်ပင်ရေပိုက်လိုင်းများ၊ မီးသတ်ပိုက်ခေါင်းများအပြင် အင်းလျားကန်နှင့် ကန်တော်ကြီးမှ ရေများကို ခွင့်ပြုချက်မရှိဘဲ အသုံးမပြုရန် တားမြစ်ထားသည်။
အဆိုပါ ကန်ရေများကို အသုံးပြုလိုပါက သင်္ကြန်အကြိုနေ့ဖြစ်သည့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် နေ့လယ် ၁၂ နာရီမတိုင်မီ ခွင့်ပြုချက်လျှောက်ထားရမည်ဖြစ်ကာ စည်းကမ်းဖောက်ဖျက်သည့် မဏ္ဍပ်တာဝန်ရှိသူများနှင့် ရေကစားသူများကိုပါ ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်သည်။ 


