ကမ္ဘောဒီးယားနိုင်ငံ တောင်ပိုင်း တာကယ်အိုပြည်နယ်၏ ဝေးလံခေါင်သီသော တာနွန်ကျေးရွာရှိ ရွာသူ/ရွာသားများမှာ မျိုးဆက်များစွာတိုင်အောင် ခက်ခဲကျပ်တည်းစွာနှင့် ဆင်းဆင်းရဲရဲ နေထိုင်ခဲ့ရသော်လည်း တရုတ်နိုင်ငံက အထောက်အပံ့ပေးထားသည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံကိန်းကို ၂၀၂၁ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ချိန်မှစ၍ ၎င်းတို့၏ လူမှုဘဝများသည် အလုံးစုံပြောင်းလဲသွားခဲ့သည်။ မြို့တော် ဖနွမ်းပင်၏ တောင်ဘက် ကီလိုမီတာ ၆၀ ခန့်အကွာရှိ ဘာတီခရိုင် Doung မြို့နယ်တွင် တည်ရှိသော အဆိုပါ ကျေးရွာသည် ယခင်က လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းမရှိသည့်အပြင် ရေသန့်၊ မိလ္လာစနစ်၊ လျှပ်စစ်မီး၊ ဆည်မြောင်းစနစ်၊ စာသင်ကျောင်းနှင့် ကျန်းမာရေးစင်တာများလည်း မရှိခဲ့သည့် အခြေအနေမှ ယခုအခါ ထိုအရာအားလုံးကို ရရှိပိုင်ဆိုင်ထားပြီဖြစ်သည်။ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးများကောင်စီ အဆင့်မြင့်တာဝန်ရှိသူနှင့် CSAF ဥက္ကဋ္ဌ ကမ်ရိ ဗီဆက်သ်က ထိုစီမံကိန်းမှာ ကျေးရွာ၏ အခြေခံအဆောက်အအုံများကို ဖွံ့ဖြိုးတိုးတက်စေရုံမျှမက ရွာသူ/ရွာသားများနှင့် ၎င်းတို့၏ ကလေးငယ်များအတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖော်ထုတ်ပေးကာ အလုပ်အကိုင်များလည်း ဖန်တီးပေးခဲ့သည်ဟု ပြောကြားခဲ့သည်။



