ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် ပစ္စတိုသေနတ်ပြပြီး ခြိမ်းခြောက်နေသည်ဟုဆိုကာ မြန်မာအမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဧပြီလ ၅ရက် ည ၈ နာရီခန့်က မဟာချိုင်ဒေသရှိ အလုပ်သမားအဆောင်တစ်ခုတွင် အသက် ၄၂ နှစ်အရွယ် ဒေါ်စန်းစန်းခိုင်ကို လဝကရဲတပ်ဖွဲ့က သတင်းရ ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းကို ဖမ်းဆီးစဉ် သေနတ်တစ်လက်၊ သေနတ်ကျည်အိမ် နှစ်ခုနှင့် ကျည်ဆန်များကို တွေ့ရသဖြင့် သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါအမျိုးသမီးသည် အဆောင်ထဲတွင် ပစ္စတိုသေနတ်ထုတ်ပြ၍ ခြိမ်းခြောက်လေ့ရှိသဖြင့် အခြားမြန်မာနိုင်ငံသားများအပြင် အဆောင်မန်နေဂျာပါ ကြောက်ရွံ့နေကြရကြောင်း ဆိုသည်။



