မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ မြန်မာနေရှင်နယ်လိဂ် (MNL) ကော်မတီအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က ကျင်းပခဲ့ပြီး လိဂ်ပြိုင်ပွဲများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ ဖွဲ့စည်းပုံအသစ်အရ ဦးဇော်မင်းသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး၊ ဦးကိုကိုသိန်းအား CEO နှင့် ဒုဥက္ကဋ္ဌ (၁) အဖြစ်လည်းကောင်း၊ ဦးစိုးမိုးကျော်အား ဒုဥက္ကဋ္ဌ (၂) အဖြစ်လည်းကောင်း ပြောင်းလဲတာဝန်ပေးအပ်ခဲ့သည်။
ထို့ပြင် ပြိုင်ပွဲကျင်းပရေးဆိုင်ရာ Chief Operating Officer (COO) ရာထူးများအတွက် မြန်မာအမျိုးသားလိဂ်တွင် ဦးစည်သူဝင်းနှင့် မြန်မာအမျိုးသမီးလိဂ်တွင် ဦးမိုးဝေအောင်တို့ကို အသီးသီး ခန့်အပ်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ပြီးခဲ့သည့် မတ်လအတွင်းက ကွယ်လွန်သွားခဲ့သော မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းနှင့် နည်းပြဟောင်း ဦးတင်မြင့်အောင်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ကာ ဂုဏ်ပြုဆုတောင်းခဲ့ကြကြောင်း သိရှိရပါသည်။


