ထိုင်းနိုင်ငံ၊ကန်ချနပူရီခရိုင်၊ စံခလပူရီမှာ မြန်မာနိုင်ငံဘက်ကို ဓာတ်ဆီတွေ တရားမဝင် မှောင်ခိုပို့နေတာကို အာဏာပိုင်တွေ ပူးပေါင်းပြီး အပြတ်အသတ် နှိမ်နင်းလိုက်ပါတယ်။ယမန်နေ့ဧပြီလ ၅ ရက်နေ့မှာ စံခလပူရီ ခရိုင်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအဖွဲ့ဝင်တွေဟာ သတင်းပေးချက်အရ စံခလပူရီကနေ ဘုရားသုံးဆူဘက်ကို သွားတဲ့လမ်းပေါ်က "ဘန်နမ်ကစ်" လုံခြုံရေးဂိတ်မှာ စောင့်ဆိုင်းစစ်ဆေးခဲ့ကြပါတယ်။ အဲဒီအချိန်မှာ မသင်္ကာစရာ အဖြူရောင် တိုယိုတာ 4WD ကားတစ်စီး ရောက်လာလို့ တားဆီးစစ်ဆေးခဲ့တာပါ။ကားကို စစ်ဆေးတဲ့အခါမှာ အပေါ်ယံကြည့်ရင်တော့ ရေခဲတုံးတွေနဲ့ အအေးပုလင်းတွေ အပြည့်တင်ထားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ရေခဲတုံးတွေအောက်ကို ထပ်မံစစ်ဆေးလိုက်တဲ့အခါမှာတော့ အနက်ရောင်ပလတ်စတစ်တွေနဲ့ သေချာထုပ်ပိုးထားတဲ့ ၃၀ လီတာဝင် ဓာတ်ဆီပုံး ၄၂ ပုံးကို တွေ့ရှိခဲ့ပါတယ်။ စုစုပေါင်း ဓာတ်ဆီ ၉၅ (Benzene 95) လီတာ ၁,၂၀၀ တောင် ဖြစ်ပါတယ်။ဖမ်းဆီးခံရသူ ကားမောင်းသမား (ဒေသခံတစ်ဦး) က ဝန်ခံထွက်ဆိုရာမှာတော့ ဒီဓာတ်ဆီတွေကို စံခလပူရီနယ်ဘက်မှာ တစ်လီတာကို ၅၅ ဘတ်နဲ့ ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံဘက်က ဘုရားသုံးဆူမြို့မှာ တစ်လီတာကို ၇၅ ဘတ်နဲ့ ပြန်ရောင်းဖို့ လုပ်တာပါ။ အမြတ်ကောင်းတာကြောင့် အခုလို မှောင်ခိုလုပ်တာဖြစ်ကြောင်း ဝန်ခံထားပါတယ်။လက်ရှိမှာတော့ သူ့ကို အကောက်ခွန်ဥပဒေချိုးဖောက်မှု၊ ခွင့်ပြုချက်မရှိဘဲ လောင်စာဆီ သယ်ယူပို့ဆောင်မှု၊ သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်မှု စတဲ့ အမှုတွေနဲ့ အရေးယူထားပါတယ်။



