မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၂၆ လမ်း၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြားရှိနေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ အိမ်ရှင် ကိုဦး နှင့်အတူ ဇော်ဝင်းနိုင်(ခ)ဖိုးသား တို့အား တရားမဝင်သိုလှောင်ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁ ဒသမ ၀၂၅ တန်၊ TOYOTA HILUX SURF ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ကဖင်းများအား စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမှ မန္တလေးသို့ NISSAN ၆ ဘီးယာဉ်ဖြင့် သယ်ဆောင်ခဲ့ကြသည့် ယာဉ်ပိုင်ရှင် မတင့်တင့်အေး၊ နိုင်လင်း၊ ဖြိုးကိုကို နှင့် နိုင်ချိန်းအောင် တို့ ၄ ဦးအား မန္တလေးမြို့၌ ဆက်လက်ဖမ်းဆီးရမိခဲ့ပါသည်။ ၎င်းတို့၏ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ကဖင်းများအား ကလေးမှ မန္တလေးသို့ သယ်ဆောင်ခိုင်းသူ ညီညီဇော်(ခ)ဖိုးငယ်အား ကလေးမြို့၊ မြို့သာ ဖမ်းဆီးရမိခဲ့ပြီး ယင်း၏ဖော်ထုတ်ချက်အရ ကလေးမြို့နေ ကဖင်းအိတ်များပိုင်ရှင် ခင်မို့မို့အေး(ခ)အန်တီမိုး နှင့် ပူးပေါင်းပါဝင်ခဲ့သည့် နေမျိုးလင်း(ခ)ရော့ကီ(ခ)မုတ်ဆိတ်၊ မကြွယ်သင်ပါးရ်အီး(ခ)ပါးရ်အီး နှင့် ခိုင်လင်းထွဋ် တို့အား ကလေးမြို့၌ ဆက်လက်ဖမ်းဆီးရမိခဲ့ပါသည်။ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ လားရင်မွှာနာ(ခ)မွမ်သဲ၏နေအိမ်မှ ကဖင်း ၃ ဒသမ ၈ တန်ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် မန္တလေးမြို့၌ ဖမ်းဆီးရမိသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁ ဒသမ ၀၂၅ တန်(တစ်ကီလိုလျှင်ငွေကျပ် ၄ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၄,၁၀၀)၊ ကလေးမြို့တွင် ဖမ်းဆီးရမိသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ ဒသမ ၈ တန်(တစ်ကီလိုလျှင်ငွေကျပ် ၃ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၁၄ ဘီလီယံ)၊ စုစုပေါင်းထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၄ ဒသမ ၈၂၅ တန်(၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၅၅ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါသည်။စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများအား မြန်မာ-အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့မှ ကလေးမြို့သို့ လည်းကောင်း၊ ကလေးမြို့မှ မန္တလေးမြို့သို့ လည်းကောင်း တရားမဝင်တင်သွင်း သယ်ဆောင်ရောင်းဝယ်သူမှာ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိဒ်ခေါဒါရ်မြို့၊ မြန်မာ-အိန္ဒိယနယ်စပ်နေ မမားစောဆန်းအီး(ခ)ဆန်းအီး(ခ)သဲသဲ(ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းသိရပါသည်။



