ပါကစ္စတန်နိုင်ငံ၏ ဒီဇယ်ဈေးနှုန်းမှာ ၅၄.၉% မြင့်တက်လာပြီး တစ်လီတာလျှင် ၅၂၀.၃၅ ရူပီး ဓာတ်ဆီဈေးမှာ ၄၂.၇% မြင့်တက်လာပြီး တစ်လီတာလျှင် ၄၅၈.၄၀ ရူပီးဖြစ်ပါတယ်။လောင်စာဆီဈေးနှုန်း မြှင့်တင်မှုကို ကြေညာရာတွင် ပါကစ္စတန် ရေနံဝန်ကြီးက "အမေရိကန်နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးကွက် အပြင်းအထန် အတက်အကျဖြစ်နေပြီး ယခုကဲ့သို့ ဈေးနှုန်းမြှင့်တင်ရခြင်းမှာ ရှောင်လွှဲ၍မရသော ကိစ္စဖြစ်သည်" ဟု ပြောကြားခဲ့သည်။အဆမတန် မြင့်တက်လာသော ကုန်ကျစရိတ်ဒဏ်ကို လျှော့ချနိုင်ရန်အတွက် ပါကစ္စတန်အစိုးရသည် ဓာတ်ဆီအပေါ် ကောက်ခံသည့်အခွန်ကို ယခင် ၁၀၅ ရူပီးမှ ၁၆၀ ရူပီးသို့ တိုးမြှင့်လိုက်ပြီး၊ ဒီဇယ်အပေါ် ကောက်ခံသည့်အခွန်ကိုမူ ယခင် ၅၅ ရူပီးမှ သုည (အခွန်ကင်းလွတ်ခွင့်) အထိ လျှော့ချပေးလိုက်ကြောင်း သိရသည်။၎င်းသည် တစ်လအတွင်း ပါကစ္စတန်၌ ဓာတ်ဆီနှင့် ဒီဇယ်ဈေး ဒုတိယအကြိမ်မြောက် မြင့်တက်လာခြင်းဖြစ်ပြီး အရှေ့အလယ်ပိုင်း ပဋိပက္ခများက အိန္ဒိယ၏ အိမ်နီးချင်းနိုင်ငံအပေါ် မည်မျှအထိ သက်ရောက်မှုရှိနေသည်ကို ပြသနေသည်။ပြီးခဲ့သည့် မတ်လအတွင်းက ပါကစ္စတန်သည် ဒီဇယ်နှင့် ဓာတ်ဆီဈေးကို ၂၀% ခန့် မြှင့်တင်ခဲ့ပြီး ဖြစ်သော်လည်း ယခုအခါ ၅၅% နှင့် ၄၃% အသီးသီး ထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အိန္ဒိယနိုင်ငံ၌ ဒီဇယ်နှင့် ဓာတ်ဆီအပေါ် ကောက်ခံသည့် အထူးယစ်မျိုးခွန်ကို တစ်လီတာလျှင် ၃ ရူပီးနှင့် သုညရူပီးအထိ လျှော့ချပေးခဲ့သည်။ ထိုသို့ လျှော့ချပေးခြင်းက အိန္ဒိယရှိ လောင်စာဆီဈေးနှုန်းအပေါ် သိသိသာသာ သက်ရောက်မှု မရှိသော်လည်း စီးပွားရေးလုပ်ငန်းသုံးနှင့် အိမ်သုံး ဟင်းချက်ဂတ်စ် (LPG) ဈေးနှုန်းများမှာ မြင့်တက်လာခဲ့သည်။ ထို့ကြောင့် အစိုးရက ပြည်သူများအား (LPG) အစား ပိုက်လိုင်းဖြင့် ပို့လွှတ်သော သဘာဝဓာတ်ငွေ့ (PNG) ကို ပြောင်းလဲအသုံးပြုရန် တိုက်တွန်းလျက်ရှိသည်။



