မြန်မာနိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင်ပေါင်း ၃၀၀၀ နီးပါးကို CCTV ကင်မရာများ မဖြစ်မနေ တပ်ဆင်ခိုင်းနေပြီး၊ တပ်ဆင်ရန် ပျက်ကွက်ပါက စက်သုံးဆီခွဲတမ်း ပိတ်သိမ်းမည်ဟု ပြုလုပ်နေကြောင်း စက်သုံးဆီလုပ်ငန်းရှင်များကပြောဆိုသည်။ အထူးသဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (PPRD) မှ တာဝန်ရှိသူ ဦးမင်းမင်း အပါအဝင် ဌာနဆိုင်ရာများက ဆီဆိုင်များသို့ CCTV တပ်ဆင်ရန်နှင့် ဆိုင်အတွင်းရေး မှတ်တမ်းများကို တောင်းခံမှုများ ပြုလုပ်နေကြောင်း သိရသည်။လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံးရှိ ဆီဆိုင်တော်တော်များများမှာ CCTV မှတစ်ဆင့် ထိန်းချုပ်မှုကို ခံနေရပြီး၊ ယင်းလုပ်ရပ်သည် မည်သည့်ဥပဒေနှင့်မျှ ညီညွတ်ခြင်းမရှိဘဲ လုပ်ငန်းရှင်များအပေါ် အတင်းအဓမ္မ ဖိအားပေးမှုသာ ဖြစ်ကြောင်း ဆီဆိုင်များက ဆိုကြသည်။ယခုအခါ နည်းပညာသုံး၍ ဆီဆိုင်များ၏ နေ့စဉ်လှုပ်ရှားမှုများကို စောင့်ကြည့်ခြင်းဖြင့် ဆီပြတ်လပ်မှုသတင်းများ အပြင်သို့ မပေါက်ကြားစေရန် လုပ်ဆောင်နေကြောင်း စက်သုံးဆီရောင်းဝယ် ဖြန့်ဖြူးရေး အသင်းထံမှ သိရှိရသည်။ တစ်နိုင်ငံလုံးရှိ စက်သုံးဆီဆိုင်ပေါင်း ၂၉၄၃ ဆိုင်ရှိသည့်အနက် ဆိုင်ပေါင်း ၈၇၉ ဆိုင်တွင် Bar Code / QR Code များကို Scan ဖတ်၍ ရောင်းချနေပြီး Scan ဖတ်သော ဆီဆိုင်များကိုသာ ဆီခွဲတမ်း အပြည့်အ၀ ပေးကာ ကျန်ရှိနေသော ဆီဆိုင် ၂၀၆၄ ဆိုင်ကို ဆီခွဲတမ်းများ အကြီးအကျယ်လျှော့ချထားသည်။



