တနင်္သာရီတိုင်းဒေသကြီးရှိ ကမ်းရိုးတန်းဒေသများတွင် ကမ်းဝေးငါးဖမ်းရာသီကို ဧပြီလ ၁ ရက်နေ့မှစတင်ကာ သုံးလကြာ ရပ်နားထားမည်ဖြစ်ကြောင်း မြိတ်မြို့ရှိ ငါးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ငါးဖမ်းလုပ်ငန်းရှင်များအနေဖြင့် ယခုနှစ် ငါးဖမ်းရာသီကို တစ်လထပ်တိုးရန် တောင်းဆိုထားသော်လည်း သက်ဆိုင်ရာမှ ဧပြီလ ၁ ရက်နေ့တွင် စတင်ရပ်နားရန်ညွှန်ကြားထားသဖြင့် ကမ်းဝေးငါးဖမ်းလှေများအားလုံး သက်ဆိုင်ရာဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။“ဒီနှစ် ငါးသားပေါက်ရာသီကို ဧပြီ၊ မေ၊ ဇွန်လတွေ အဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့် ကမ်းဝေးငါးဖမ်းလှေကြီးတွေ အားလုံး သုံးလရပ်နားရမှာ ဖြစ်ပါတယ်။ ကမ်းဝေးမှာ ဝါတန်း၊ ဝါလတ်လှေတွေက ရာသီသိမ်းနိုင်ပေမယ့် ပွင့်လင်းရာသီမှာ လုပ်ကိုင်ရတဲ့ ကင်းမွန်လှေတွေ အတွက်တော့ ရာသီသိမ်းတာ စောနေပါတယ်” ဟု မြိတ်မြို့ရှိ ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။ယခင်နှစ်များတွင် ငါးသားပေါက်ရာသီကို ဇွန်၊ ဇူလိုင်၊ သြဂုတ်လများအဖြစ် သတ်မှတ်ခဲ့သော်လည်း ပညာရှင်များ၏ အကြံပြုချက်များအရ ယခုနှစ်တွင် ဧပြီ၊ မေ၊ ဇွန်လများသို့ ရှေ့တိုးသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ထိုကာလအတွင်း ကမ်းဝေးငါးဖမ်းလှေကြီးများသာ လုပ်ငန်းရပ်နားထားရမည်ဖြစ်ပြီး ကမ်းနီးငါးဖမ်းလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။
မြန်မာ့ပင်လယ်ပြင်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ငါးဖမ်းကွက်များစွာရှိပြီး တနင်္သာရီဒေသအတွင်း ကမ်းဝေးငါးဖမ်းလှေကြီး အစီးရေ ၁၅၀၀ ခန့်ရှိကြောင်း သိရသည်။


