အင်ဒိုနီးရှားနိုင်ငံ၊ တာနာတေးကျွန်းအနီးရှိ မြောက်ပိုင်း မိုလုကာပင်လယ်မှာ ဧပြီ ၂ ရက်က ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၄ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ အာဏာပိုင်တွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ဒေသစံတော်ချိန် ဒီနေ့မနက် ၆ နာရီ ၄၈ မိနစ်လောက်က လှုပ်ခတ်ခဲ့တဲ့ ဒီငလျင်ကြောင့် အဆောက်အအုံတချို့ ပျက်စီးခဲ့ပြီး ဆူနာမီလှိုင်းတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ပြင်းအား ၅ အဆင့်အထိရှိတဲ့ နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်ခဲ့တယ်လို့ ထုတ်ပြန် ထားပါတယ်။အင်ဒိုနီးရှားရုပ်သံလွှင့်ဌာန Metro TV ကတော့ မာနာဒိုဒေသမှာ အဆောက်အအုံ အပျက်အစီးတွေအောက် ပိမိပြီး လူတယောက် သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။အင်ဒိုနီးရှား မိုးလေဝသအေဂျင်စီ BMKG က အနောက်ဟာလ်မာဟေရာမှာ ၀ ဒသမ ၃ မီတာနဲ့ ဘီတန်မှာ ၀ ဒသမ ၂ မီတာ အမြင့်ရှိတဲ့ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်ခဲ့ကြောင်း အစီရင်ခံထားပါတယ်။မာနာဒိုဒေသခံတယောက်က လူတွေ ထိတ်လန့်တကြားနဲ့ အိမ်တွေထဲကနေ ထွက်ပြေးခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ငလျင် ဗဟိုချက်ကနေ ကီလိုမီတာ ၁,၀၀၀ ပတ်လည်မှာရှိတဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှား ကမ်းရိုးတန်းတွေမှာလည်း ဆူနာမီလှိုင်းတွေ ဝင်ရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။ အင်ဒိုနီးရှား ကမ်းရိုးတန်းတချို့မှာ ဒီရေအထက် သုည ဒသမ ၃ မီတာကနေ ၁ မီတာအထိ မြင့်တဲ့ လှိုင်းတွေ ရိုက်ခတ်နိုင်ခြေရှိပါတယ်။ဂျပန်နဲ့ ဩစတြေးလျ နိုင်ငံတွေအတွက်တော့ ဆူနာမီအန္တရာယ် ကြီးကြီးမားမား မရှိဘူးလို့ သက်ဆိုင်ရာ မိုးလေဝသဌာနတွေက ထုတ်ပြန်ထားပါတယ်။ငလျင်လှုပ်ခတ်ချိန် အတော်ကြာပေမဲ့ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုတော့ မသိရသေးပါဘူး။ အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်မီးကွင်းဒေသ (Ring of Fire) မှာ တည်ရှိတာကြောင့် ငလျင်နဲ့ မီးတောင်ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။



