ဂျပန်ရဲ့ ဒုံးကျည် ဖြန့်ကျက်မှုတွေဟာ ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်မှုထက် လွန်ကဲနေပြီး နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေကိုပါ ချိုးဖောက်ရာ ရောက်နိုင်ကြောင်း တရုတ် အစိုးရက ဝေဖန် ပြောကြားလိုက်ပါတယ်။တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မော်နင်းက ဂျပန် ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီ ကြေညာခဲ့တဲ့ ဒုံးကျည် ဖြန့်ကျက်မှု အစီအမံတွေနဲ့ ပတ်သက်ပြီး ဧပြီ ၁ ရက်နေ့မှာ ဝေဖန် မေးခွန်းထုတ်လိုက်တာ ဖြစ်ပါတယ်။မတ်လ ၃၁ ရက်မှာကိုအီဇူမီက နိုင်ငံရဲ့ ပထမဆုံး တာဝေးပစ် ဒုံးကျည်တွေကို ကူမာမိုတို ဒေသမှာရှိတဲ့ ကန်ဂွန် စစ်စခန်းမှာ ပထမဆုံးအကြိမ် ဖြန့်ကျက်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ Mitsubishi အကြီးစား စက်မှုလုပ်ငန်းက ထုတ်လုပ်ပြီး အဆင့်မြှင့်တင်ထားတဲ့ Type-12 သင်္ဘောဖျက် ဒုံးကျည်တွေဟာ ကီလိုမီတာ ၁၀၀၀ လောက်ထိ ခရီးပေါက်အောင် ပျံသန်းနိုင်မယ်လို့ ဆိုပါတယ်။ကီလိုမီတာ ၂၀၀ လောက်သာ ပျံသန်းနိုင်ခဲ့တဲ့ မူရင်း အမျိုးအစားထက် သိသိသာသာ တိုးလာတဲ့ အကွာအဝေးဖြစ်သလို တရုတ်နိုင်ငံ ပိုင်နက်ထိ တိုက်ခိုက်နိုင်မယ့် သဘောပါပဲ။



