ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် မဟာသင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် ပုံမှန်ပြေးဆွဲလျက်ရှိသည့် ရထားများအပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်များကို အထူးရထားများ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။ရန်ကုန်-နေပြည်တော်ရထားလမ်းပိုင်းတွင် အဆန်အထူး DEMU (စပိန်) ရထားသည် ရန်ကုန်မှ မနက် ၆ နာရီခွဲမှာ စတင်ထွက်ခွာပြီး နေပြည်တော်သို့ မွန်းတည့် ၁၂ နာရီမှာ ရောက်ရှိမှာဖြစ်သည်။ အစုန်အထူး DEMU (စပိန်)ရထားသည် နေပြည်တော်မှ မွန်းလွဲ ၁၂ နာရီခွဲမှာ စတင်ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၆ နာရီခွဲမှာ ရောက်ရှိမှာဖြစ်သည်။ အဆိုပါ အဆန်အထူး DEMU (စပိန်) ရထားနှင့် အစုန်အထူး DEMU (စပိန်) ရထားတို့ ပြေးဆွဲမည့်နေ့ရက်များမှာ ဧပြီလ (၁၀ ၊ ၁၁၊ ၁၂၊ ၁၉ ၊၂၀) ရက်များဖြစ်ပါသည်။ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် အဆန်အထူးလေအိတ်ရထားသည် ရန်ကုန်မှ မွန်းလွဲ (၁) နာရီမှာ စတင်ထွက်ခွာပြီး ည (၈) နာရီ (၅၅) မိနစ်အချိန်မှာ ပြည်မြို့သို့ ရောက်ရှိမှာဖြစ်သည်။ အစုန်အထူးလေအိတ်ရထားသည် ပြည်မြို့မှ ည (၁၀) နာရီခွဲမှာ စတင်ထွက်ခွာပြီး နံနက် (၆) နာရီခွဲ အချိန်မှာ ရန်ကုန်မြို့သို့ရောက်ရှိမှာဖြစ်သည်။ အဆိုပါ အဆန်အထူးလေအိတ်ရထားနှင့် အစုန်အထူး လေအိတ်ရထားတို့ ပြေးဆွဲမည့်နေ့ရက်များမှာ ဧပြီလ (၁၀၊ ၁၁၊ ၁၂၊ ၁၉၊ ၂၀)ရက်များဖြစ်ပါသည်။ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် အဆန်အထူးလေအိတ်ရထားသည် ရန်ကုန်မှ မနက် (၉) နာရီ (၁၅) မိနစ်မှာ စတင်ထွက်ခွာပြီး မော်လမြိုင်သို့ ညနေ (၆) နာရီအချိန်မှာ ရောက်ရှိမှာဖြစ်ကာ ပြေးဆွဲမည့်နေ့ရက်မှာ ဧပြီလ (၁၀၊ ၁၁၊ ၁၂၊ ၁၉၊ ၂၀) ရက်များဖြစ်သည်။ အစုန်အထူး လေအိတ်ရထားသည် မော်လမြိုင်မှ မနက် (၉) နာရီ (၁၅) မိနစ်မှာ ထွက်ခွာပြီး ရန်ကုန်မြို့သို့ ညနေ (၅) နာရီ (၅၅) မိနစ်အချိန်မှာ ရောက်ရှိမှာဖြစ်သည်။ အဆိုပါ အထူးလေအိတ်ရထားပြေးဆွဲမည့် နေ့ရက်များမှာ ဧပြီလ (၁၁၊ ၁၂၊ ၁၉၊၂၀၊ ၂၁) ရက်များဖြစ်ပါသည်။အထက်ပါ ထပ်တိုးပြေးဆွဲပေးသည့် ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင် အစုန်/အဆန် အထူးလေအိတ်ရထားများတွင် အထက်တန်း (၆) တွဲနှင့် ရိုးရိုးတန်း (၈) တွဲ၊ ဘရိတ်တွဲ (၁) တွဲဖြင့် ဝန်ချိန်ပြည့်ပြေးဆွဲပေးသွားမည်ဖြစ်သည်။သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ ၁၃ ရက်နေ့မှ သင်္ကြန်အတက်နေ့ဖြစ်သည့် ၁၆ ရက်နေ့အထိ ပုံမှန်ပြေးဆွဲလျက်ရှိသည့် လူစီးအမြန်ရထားအချို့ ပြေးဆွဲမှုခေတ္တရပ်နားထားမည်ဖြစ်ရာ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် အမှတ် (၇) အဆန်၊ (၈) အစုန်၊ (၃၁) အဆန်၊ (၃၂) အစုန်၊ (၃၃) အဆန်၊ (၃၄) အစုန် ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ် DEMU ရထားများ၊ အမှတ် (၂၇) အဆန်၊ (၂၈) အစုန် နေပြည်တော်-မန္တလေး-နေပြည်တော် ခရီးစဉ် BEL ရထား၊ အမှတ် (၁) အဆန်၊ (၂) အစုန် ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်စာပို့ရထား၊ အမှတ် (၁၅) အဆန်၊ (၁၆) အစုန်၊ ရန်ကုန်-ပဲခူး-ရန်ကုန် DEMU ရထား၊ အမှတ် (သ-၃၀၁) အဆန်၊ (၃၀၂)အစုန် သာစည်-မန္တလေး-သာစည် ခရီးတို RBE ရထား၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမှတ် (၇၁) အဆန်၊ (၇၂) အစုန် ရန်ကုန်-ပြည်-ရန်ကုန်ခရီးစဉ် လူစီးအမြန်ရထား၊ အမှတ် (၆၅) အဆန်၊ (၆၆) အစုန် အင်းစိန်-ဥက္ကံ-အင်းစိန် ခရီးစဉ်စာပို့ရထားတို့ဖြစ်သည်။ ရန်ကုန်မြို့ပတ်ရထားများကိုလည်း ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ခေတ္တရပ်နားထားမည်ဖြစ်သည်။




