back

ထိုင်းမှာ အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်အထိ မြင့်မားမည်

Apr 01 • 2:04 AM

breaking-news

Thailand

Local News

cover

ထိုင်းမှာ အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်အထိ မြင့်မားမည်

ထိုင်းမိုးလေဝသဌာနရဲ့ ဒီနေ့ ဧပြီလ ၁ ရက်အတွက် ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတစ်ဝန်းမှာ အပူရှိန်ပြင်းထန်နေပြီး တချို့ဒေသတွေမှာ အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်အထက်အထိ မြင...

ထိုင်းမိုးလေဝသဌာနရဲ့ ဒီနေ့ ဧပြီလ ၁ ရက်အတွက် ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတစ်ဝန်းမှာ အပူရှိန်ပြင်းထန်နေပြီး တချို့ဒေသတွေမှာ အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်အထက်အထိ မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။ အပူရှိန်နဲ့အတူ နွေရာသီမုန်တိုင်းငယ်တွေ၊ လေပြင်းတိုက်ခတ်တာတွေနဲ့ ဖုန်မှုန့်ညစ်ညမ်းမှု (PM 2.5) ပြဿနာတွေလည်း ပိုမိုဆိုးရွားလာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ အပြင်ထွက်ရင် သတိပြုကြဖို့ တိုက်တွန်းထားပါတယ်။မြို့တော်ဘန်ကောက်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာတော့ တစ်နေ့တာလုံး အပူရှိန်ပြင်းပြီး မြူဆိုင်းနေမယ့် အခြေအနေရှိနေပါတယ်။ ဘန်ကောက်ရဲ့ အပူချိန်ဟာ ၃၅ ဒီဂရီကနေ ၃၈ ဒီဂရီစင်တီဂရိတ်ကြားမှာ ရှိနေနိုင်ပြီး နေ့ဘက်မှာ အပြင်ထွက်အလုပ်လုပ်သူတွေအနေနဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်နေပါတယ်။နိုင်ငံရဲ့ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာတော့ အပူဒဏ်ကို အဆိုးရွားဆုံး ခံစားရမှာဖြစ်ပြီး လေပြင်းတိုက်ခတ်တာနဲ့အတူ မိုးကြိုးပ-စ်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် မြောက်ပိုင်းဒေသတွေမှာ လေဝင်လေထွက်နည်းတာကြောင့် ဖုန်မှုန့်နဲ့ မီးခိုးမြူညစ်ညမ်းမှုတွေဟာ အန္တရာယ်ရှိတဲ့အဆင့်အထိ မြင့်တက်နေတယ်လို့ ဆိုပါတယ်။တောင်ပိုင်းဒေသတွေမှာတော့ နေရာကွက်ကျား မိုးရွာသွန်းမှု ၃၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပေမဲ့ နေ့ဘက်မှာတော့ အပူရှိန် ဆက်ရှိနေဦးမှာပါ။ ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ မီတာခန့် ရှိနိုင်ပြီး မုန်တိုင်းဖြစ်ထွန်းနေတဲ့ နေရာတွေမှာ လှိုင်းပိုကြီးနိုင်တာကြောင့် ရေလုပ်သားတွေနဲ့ ခရီးသွားတွေအနေနဲ့ သတိထားသွားလာကြဖို့ မိုးလေဝသဌာနက အသိပေးထားပါတယ်။


news-view-count-icon

18