လက်ဘနွန်နိုင်ငံတောင်ပိုင်း၌စစ်ဆင်ရေးများ နယ်မြေချဲ့ထွင်ပြုလုပ်ရန် အစ္စရေးစစ်ဘက်ကို ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက မတ် ၂၉ရက်တွင် ညွှန်ကြားထားကြောင်းသိရသည်။လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စု၏ ဒုံးကျည်တိုက်ခိုက်မှုများကို တားဆီးရေး အတွက် လက်ဘနွန်တောင်ပိုင်း၌ စစ်ဆင်ရေးများတိုးချဲ့ပြုလုပ်ရန် စစ်ဘက်ကို မိမိ ညွှန်ကြားထားကြောင်း ဝန်ကြီးချုပ်နေတန်ယာဟုက မတ် ၂၉ ရက်တွင်ထုတ်ဖော်ပြော ကြားထားသည်။လက်ဘနွန်တောင်ပိုင်း လီတာနီမြစ်အထိ စစ်ရေးကြားခံဇုန်တစ်ခုထားရှိမည်ဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောကြားထားသည်။ ဟစ်ဇ်ဘိုလာအုပ်စု၏ ဒုံးကျည်အန္တရာယ်ကို တားဆီးရေးအတွက် အထက်ပါ စစ်ရေး ကြားခံဇုန်အား တိုးချဲ့ရန် မိမိညွှန်ကြားထားကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန် ယာဟုက ပြောကြားထားသည်။ဟစ်ဇ်ဘိုလာအုပ်စု၏ အထက်ပါတိုက်ခိုက်မှုများကို အစ္စရေးစစ်ဘက်က လေကြောင်း တိုက်ခိုက်မှုများနှင့် တုံ့ပြန်ခဲ့သည့်အပြင် လက်ဘနွန်တောင်ပိုင်း၌ မြေပြင်စစ်ဆင်ရေး များလည်း ပြုလုပ်လျက်ရှိသည်။အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ဆင်ရေးများကြောင့် လက်ဘနွန် နိုင်ငံ၌ လက်ရှိအချိန်ထိ သေဆုံးသူပေါင်း ၁,၁၀၀ကျော် ရှိလာပြီဖြစ်ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားသည်။ဟစ်ဇ်ဘိုလာ အုပ်စုသည်အီရန်၏ အရှေ့အလယ်ပိုင်းမဟာမိတ်များထဲတွင် ပါဝင်သော ရှီးယိုက်စ် လက်နက်ကိုင်အုပ်စုဖြစ်ကြောင်း သိရသည်။



