ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယတွင် သန်းခေါင်စာရင်းကောက်ယူတော့မည်ဖြစ်ပြီး တစ်နှစ်ကြာမြင့်မည့် အဆိုပါလုပ်ငန်းစဉ်အတွက် အိန္ဒိယအရာရှိသုံးသန်းကျော် စတင်ပြင်ဆင်နေပြီဖြစ်သည်။၂၀၂၁ ခုနှစ်တွင် ပြုလုပ်ရန် ကနဦးသတ်မှတ်ထားသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကြန့်ကြာခဲ့ရကာ ဆယ်စုနှစ်တစ်ခုတွင် တစ်ကြိမ်သာပြုလုပ်သည့် အဆိုပါလူဦးရေစစ်တမ်းကို ဧပြီ ၁ ရက်တွင် စတင်မည်။ အွန်လိုင်းမှတစ်ဆင့် ကိုယ်တိုင်စာရင်းသွင်းလိုသည့် နိုင်ငံသားများအတွက် အချိန်တိုအတွင်း ခွင့်ပြုပေးသွားမည်ဟု အစိုးရက မတ် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။အိမ်တိုင်ရာရောက် ကွင်းဆင်းကောက်ယူမှုဖြင့် အဆင့်နှစ်ဆင့် သတ်မှတ်ထားပြီး ပထမအဆင့်တွင် နေအိမ်များနှင့် နေထိုင်မှုအခြေအနေများကို စာရင်းပြုစုမည်။ ဒုတိယအဆင့်တွင် နေထိုင်သူများ၏ စီးပွားရေးနှင့်လူမှုရေး အချက်အလက်များကို ကောက်ယူသွားမည်ဟု သန်းခေါင်စာရင်းကော်မရှင်နာ ကူမာ နာရာရန်က သတင်းထောက်များကို ပြောသည်။



