ကယား (ကရင်နီ)ပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတရွာမှာ ရိုးရာပွဲတော်တခုဖြစ်တဲ့ ကေးထျိုးဘိုးပွဲ (ခေါ်) တံခွန်တိုင်ပွဲကို ၃ ရက်တာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။“ကေးထျိုးဘိုးပွဲ ပြောတိုင်း လုပ်တိုင်းတော့ တိုင်အသစ် ခုတ်တယ်ပေါ့နော်။ ပြီးတော့ ကျန်တာတော့ နှစ်တိုင်းအစီစဥ်လိုပဲ အစဥ်အလာအတိုင်း လုပ်သွားတာပေါ့နော်” လို့ ကျေးရွာဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။ ပွဲတော်ပြုလုပ်တဲ့ ရက်အတွင်းမှာတော့ တိုင်တော်ကို ခုတ်ယူတာ၊ ထီးတော်ပြုပြင်တာ၊ ဗုံမောင်းအက ကကြတာတွေ အပြင် တိုင်တော်စိုက်ထူတာတွေကို ပြုလုပ်ကြပါတယ်။အဆိုပါ ကေးထျိူးဘိုးပွဲတော်ကို ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကနေ မတ်လ ၂၉ ရက်နေ့အထိ ၃ ရက်တာ ပြုလုပ်ခဲ့ကြတာပါ။ အလားတူ ဆိုမိုဖေစိုးလေး(ရှားတော)မြို့နယ်အတွင်းက ကျေးရွာတရွာမှာလည်း အဆိုပါ ၃ ရက်တာအတွင်း ကေးထျိုးဘိုးပွဲကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။



