ကျောက်ကပ်မှာ ကျောက်တည်တာကို ကာကွယ်ဖို့ ရေများများသောက်ရုံနဲ့ မလုံလောက်ကြောင်း သုတေသနပညာရှင်များရဲ့ လေ့လာမှုအသစ်တစ်ခုက ဖော်ပြလိုက်တယ်လို့ သိရပါတယ်။ကျောက်ကပ်ကျောက်တည်တာဟာ သေးငယ်တဲ့ဓာတ်သတ္တု အနည်အနှစ်လေးတွေ ဖြစ်ပေမယ့် ခံစားရတဲ့ ဝေဒနာကတော့ အင်မတန်ပြင်းထန်ပြီး လူဦးရေ ၁၁ ယောက်မှာ တစ်ယောက်နှုန်း ခံစားနေရသလို ထက်ဝက်နီးပါးက နောက်တစ်ကြိမ် ပြန်ဖြစ်လေ့ရှိတယ်လို့လည်း သိရပါတယ်။
ယင်းပြဿနာကိုဖြေရှင်းဖို့ ဘလူးတုနည်းပညာနဲ့ ချိတ်ဆက်ထားတဲ့ ရေပုလင်းတွေ၊ ကျန်းမာရေးဆိုင်ရာ တိုက်တွန်းချက်တွေ အသုံးပြုပြီး လူပေါင်း ၁,၆၀၀ ကျော်ကို နှစ်နှစ်ကြာစမ်းသပ်ခဲ့တာပါ။ စမ်းသပ်မှုမှာ ပါဝင်သူများက ရေကိုပိုသောက်လာပေမယ့် ကျောက်ကပ်ကျောက်တည်မှု ပြန်ဖြစ်ပွားနှုန်းကိုတော့ သိသိသာသာလျော့ကျသွားအောင် မလုပ်နိုင်ပါဘူးလို့လည်း အဆိုပါ လေ့လာမှုအရ သိရပါတယ်။လူတစ်ယောက်ချင်းစီရဲ့ အသက်အရွယ်၊ ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ နေထိုင်မှုပုံစံ အပေါ်မူတည်ပြီး ရေလိုအပ်ချက် မတူညီတာကြောင့် ဖြစ်နိုင်သလို ရေပမာဏ အများအပြားကို အမြဲတမ်းမှန်မှန်သောက်ဖို့ ခက်ခဲတာကြောင့်လည်း ဖြစ်နိုင်ကာ ကျောက်ကပ်ကျောက်တည်တာ ကာကွယ်ဖို့ဆိုရင် လူတစ်ဦးချင်းစီနဲ့ ကိုက်ညီမယ့် နည်းလမ်းအသစ်တွေကို ရှာဖွေဖို့ လိုအပ်နေပြီလို့ ပညာရှင်တွေက ထောက်ပြထားတယ်လို့ သိရပါတယ်။



