ယခုနောက်ပိုင်းတွင် လိမ်လည်သူများမှာ လူပျောက်ကြော်ငြာများအပေါ် ပစ်မှတ်ထား၍ လိမ်လည်လာ ကြပြီး ကာယကံရှင် မိသားစုများအနေဖြင့် တစ်ပူပေါ်နှစ်ပူဆင့်သောအဖြစ်မျိုး ကြုံလာရကြောင်း သိရသည်။“နဂိုကတည်းကမှ လူပျောက်လို့ သောကရောက်ရတဲ့အထဲ ဟိုမှာတွေ့လိုက်တယ်၊ ဒီမှာတွေ့လိုက်တယ်၊ ဖုန်းဘေလ် ဘယ်လောက်ပေးရင် လမ်းညွှန်ပေးမယ် ဆိုတာမျိုးနဲ့ လိုက်လိမ်နေကြတယ်၊ သူတို့ပြောတာ ဟုတ် လည်း မဟုတ်ဘူး၊ ကိုယ်တွေကတော့ တကယ်ထင်ပြီး သူပြောတဲ့နေရာသွားရှာတာ မတွေ့ဘူး၊ လိမ်ပြီးဆက်တဲ့ ဖုန်းကို ပြန်ဆက်တော့ စက်ပိတ်ထားတယ်”ဟု ကိုယ်တိုင်ကြုံသူတစ်ဦးက ပြောသည်။ယခုနောက်ပိုင်းတွင် လူပျောက်မှုနှင့်ပတ်သက်သည့် ကြော်ငြာများကို အွန်လိုင်းစာမျက်နှာများ၌ပါ ဖော်ပြ မှုအများအပြား တွေ့ရှိလာပြီး ငွေကြေးလိမ်လည်သူများမှာ ယင်းကြော်ငြာထားသည့် ဖုန်းနံပါတ်များသို့ဆက် သွယ် ၍ ဖုန်းဘေလ်များ အဖြစ်လည်းကောင်း၊ လမ်းညွှန်ခလမ်းစရိတ်အဖြစ်လည်းကောင်း စသည်ဖြင့် လိမ်လည် တောင်းခံလာကြခြင်းများရှိသည်။
သူများတွေ ပူပင်သောကရောက်နေတာကို အခွင့်ကောင်းယူပြီး လိမ်လည်နေကြတာ၊ လူတွေက သူများဒုက္ခရောက် နေကြတာကို ဟိုမှာတွေ့သလိုလို ဒီမှာတွေ့သလိုလိုနဲ့ ဖုန်းဆက်ပြီး ငွေတောင်းတာတွေ လုပ်ကြတယ်၊ ဘယ်လိုစိတ်တွေနဲ့ လုပ်ကြလည်းတော့မသိဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ထိုသို့သော လူပျောက်ကြော်ငြာများတွင် ဖော်ပြထားသည့် ဖုန်းများသို့ဆက်သွယ်၍ လိမ်လည်ခြင်း များ ရှိသည့်အပြင် ကျပ်သိန်း ဆယ်ချီသောနှုန်းမျိုးဖြင့် လာရွေးရန်လည်း ခြိမ်းခြောက်ပြောဆိုပြီး ကနဦးစရန်အဖြစ် ငွေပမာဏတစ်ခုကို ချက်ချင်းလွှဲပေးရန် ပြောဆိုလိမ်လည်ခြင်းများလည်းရှိကြောင်း ကိုယ်တိုင်ကြုံဖူးသည့် မိသား စုဝင်များထံမှ သိရသည်။



