ရုရှားသမ္မတပူတင်သည် ၂၀၂၂ ဖေဖော်ဝါရီလကတည်းက စတင်ခဲ့သည့် ယူကရိန်း ကျူးကျော်စစ်အတွင်း ပေါင် ၄၀၉ ဘီလီယံ ကုန်ကျခဲ့ပြီးဖြစ်ကာ စစ်ဒဏ်သင့် စီးပွားရေး ပြိုလဲမှုများနှင့်လည်း ရင်ဆိုင်နေရသဖြင့် မတ် ၂၆ ရက်က ကရင်မလင်နန်းတော်တွင် ရုရှားထိပ်တန်း ဘီလျံနာကြီးများအား ဖိတ်ခေါ် ပြီးတံခါးပိတ် အလှူခံခဲ့ကြောင်း The Bell မီဒီယာက ဖော်ပြခဲ့သည်။၂၀၂၅ တစ်နှစ်တည်းမှာပင် ယူကရိန်းစစ်ပွဲ ထိုးစစ်အရှိန်မြှင့်တင်ခဲ့ရာ ပေါင် ၁၄၄ ဘီလီယံ ကုန်ကျခဲ့သော်လည်း ၅ နှစ်အတွင်း ဝင်ရောက်လာသည့် စစ်ပွဲအတွင်း ရုရှားစစ်သား ၃၂၅,၀၀၀ သေဆုံးခဲ့ပြီး သေဆုံးသူနှင့် စစ်မှုပြန်မထမ်းနိုင်သော ဒဏ်ရာများရခဲ့သူပေါင်းလျှင် ၁ ဒသမ ၂ သန်းအထိ ရှိခဲ့သော်လည်း ယူကရိန်း နယ်မြေ ၂၀ ရာခိုင်နှုန်းထက် ပို၍ မသိမ်းပိုက်နိုင်သေးပေ။ယူကရိန်းဘက်ကလည်း ရုရှား၏ အဓိက ဝင်ငွေအသက်သွေးကြောဖြစ်သည့် ရေနံသိုလှောင်ရုံးများ သို့ ဒရုန်းများဖြင့် အဆက်မပြတ် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သဖြင့် ရုရှားစီးပွားရေးသည် စစ်ဒဏ်ကြောင့် ယိမ်းယိုင်လဲပြိုလု အနေအထားရောက်လာရာ ပူတင်သည် နိုင်ငံအတွင်းမှ အချမ်းသာဆုံး လုပ်ငန်းရှင် ဘီလျံနာများအား ဖိတ်ခေါ်ပြီး တံခါးပိတ်အစည်းအဝေး လုပ်ခဲ့ကြောင်း၊ ထိုအစည်းအဝေးတွင် ငွေတောင်းခံရသည့် သူဌေးတချို့ကိုယ်တိုင်က ပြန်လည်ပြောပြသဖြင့် တံခါးပိတ်အလှူခံခြင်းကို သိရှိရသည်ဟု The Bell နှင့်အတူ Financial Time သတင်းဌာနများက ဖော်ထုတ် ရေးသားခဲ့သည်။ကရင်မလင်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်ကမူ သမ္မတပူတင်သည် ဘီလျံနာများ အား တံခါးပိတ်တွေ့ဆုံကာ ငွေတောင်းသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း၊ သို့သော် သူဌေးကြီးတစ်ဦး က နိုင်ငံအတွက် တာဝန်သိစိတ်ဖြင့် ငွေကြေးမြောက်များစွာ ပေးလှူသွားရန် ကိုယ်တိုင် ကမ်းလှမ်းလာမှုမျိုးက တကယ်ရှိကြောင်း၊ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ရုရှားရေနံစီးပွားရေးလုပ်ငန်းကြီး အုံးအုံးထ ကြီးပွားဖြစ်ထွန်းလာမှုကြောင့် ကြွယ်၀လာသူ သူဌေးများကိုယ်တိုင်က နိုင်ငံအတွက် ငွေကြေးထည့်ဝင်ကာ ပေးလှူသွားလိုသည့် ဆန္ဒများ ရှိနေခြင်းမျိုးသာ ဖြစ်သည်ဟု ပြောခဲ့သည်။
ရုရှား ရွှေမိုင်းလုပ်ငန်းရှင် ဘီလျံနာကြီး ဆူလီမန်ခီရီမော့ဗ်က ရုရှားငွေရူဘယ် ၁၀၀ ဘီလီယံ (ပေါင် ၉၂၂ သန်း) ပေးလှူသွားရန် သဘောတူညီခဲ့သည်ဟု The Bell က ဖော်ထုတ်ရေးသားခဲ့သလို Financial Time ကလည်း သတ္တုလုပ်ငန်းရှင် အိုလက်ဒီရီပက်စ်ကာကလည်း များပြားသည့် ငွေကြေးထောက်ပံ့ရန် သဘောတူညီမှုရရှိခဲ့သည်ဟု သတင်းရင်းမြစ် ၃ ဦးက အတည်ပြု ပြောဆိုခဲ့သည်ဟု ဖော်ပြသွားခဲ့သည်။ယူကရိန်းကျူးကျော်စစ်သည် ၅ နှစ်အတွင်းသို့ပင် ဝင်ရောက်လာပြီး ရုရှားအတွက် တစ်ရက် စစ်စရိတ်မှာ ပေါင်သန်း ၆၆၀ ရှိကာ စုစုပေါင်း ပေါင် ၄၀၉ ဘီလီယံ ကုန်ကျခဲ့ပြီး စစ်ပြီးပါက ယူကရိန်း ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် လျော်ကြေးပေးရမည့် ပမာဏသည်လည်း ပေါင် ၅၀၆ ဘီလီယံအထိ ရှိနေသဖြင့် ဗြိတိန် ထောက်လှမ်းရေးအကြီးအကဲဟောင်း ဖိလစ်အင်ဂရမ်က ရုရှားနိုင်ငံ စီးပွားရေးသည် ၂၀၂၆ နှစ်ကုန်ပိုင်းနှင့် ၂၀၂၇ နှစ်ဆန်းပိုင်းတွင် ပြိုလဲသွားလိမ့်မည်ဟု သုံးသပ်ခဲ့သည်။



