သင်္ကြန်ကာလအတွင်း လက်မှတ်ဝယ်ယူမှု အဆင်ပြေစေရန်အတွက် ယာဉ်စီးခပိုမိုတောင်းခံမှု မရှိစေရေး အဝေးပြေးယာဉ်လိုင်းများအား ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ကပြောသည်။သင်္ကြန်ကာလအတွင်း အများပြည်သူများ လိုရာခရီးသို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး၊လက်မှတ်ဝယ်ယူမှု အဆင်ပြေရန်အတွက် ယာဉ်စီးခပိုမိုတောင်းခံမှု မရှိစေရေး၊ သင့်တင့်မျှတသည့် နှုန်းထားများဖြင့် ရက်အလိုက်မှန်ကန်စွာ ရောင်းချရန်၊ သတ်မှတ်ခရီးစဉ်များအတိုင်းအဆင်ပြေစွာ ပြေးဆွဲနိုင်စေရန် အောင်မင်္ဂလာအဝေးပြေးဝင်းနှင့် ဒဂုံဧရာအဝေးပြေးဝင်းရှိယာဉ်လိုင်းများအား ညွှန်ကြားထားကြောင်း ၎င်းကဆိုသည်။ အရံမော်တော်ယာဉ် စီစဉ်ထားမှုအနေနဲ့ သင်္ကြန်ကာလအတွင်း ခရီးစဉ်များမှ ယာဉ်အချို့ပျက်ခြင်း၊ မမျှော်မှန်းနိုင်သော ဖြစ်စဉ်များဖြစ်ပေါ်ခြင်းတို့အတွက် ယာဉ်များ အချိန်မီ စီစဉ်နိုင်ရန် အလှည့်ကျစနစ်ဖြင့် အရံမော်တော်ယာဉ်များ ထားရှိသွားမှာပါ" ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူးကပြောသည်။လက်ရှိ ရန်ကုန်တိုင်းအတွင်းမှ အနယ်နယ်အရပ်ရပ်သို့ ပြေးဆွဲနေသည့်အဝေးပြေးလိုင်းများမှာ အောင်မင်္ဂလာ အဝေးပြေးဝင်းတွင်ယာဉ်လိုင်းပေါင်း ၂၁၅လိုင်း၊ ယာဉ်စီးရေ ၁,၅၆၆ စီးနှင့် ဒဂုံဧရာအဝေးပြေးဝင်းတွင် ယာဉ်လိုင်းပေါင်း ၁၀၃ လိုင်း၊ ယာဉ်စီးရေ ၇၂၄ စီး ဖြင့်ပြေးဆွဲပေးနေကြောင်းသိရသည်။



