ညဘက်အချိန်တွေမှာ ကော်ဖီသောက်ခြင်းက စိတ်လိုက်မာန်ပါ လုပ်ဆောင်မှုများကို မြင့်တက်စေနိုင်တယ်လို့ တက္ကဆက်တက္ကသိုလ်မှပညာရှင်များရဲ့ လေ့လာမှုအသစ် တစ်ခုက ဖော်ပြလိုက်တယ်လို့ သိရပါတယ်။ပညာရှင်တွေဟာ ယင်ကောင်တွေကိုအသုံးပြုပြီး ပြုလုပ်ခဲ့တဲ့သုတေသနအရ ညဘက်မှာ ကဖိန်းဓာတ်ကို မှီဝဲတာဟာ အန္တရာယ်ရှိတဲ့လုပ်ရပ်တွေကို ပိုမိုလုပ်ဆောင်မိစေဖို့ တွန်းအားပေးနိုင်တယ်လို့ ဆိုထားပြီး နေ့ဘက်မှာ ကော်ဖီသောက်တာဟာ စိတ်လိုက်မာန်ပါလုပ်ဆောင်မှုကို မဖြစ်စေပေမယ့် ညဘက်မှာ သောက်သုံးတဲ့အခါမှာတော့ လှုပ်ရှားမှုတွေကို မထိန်းချုပ်နိုင်တော့ဘဲ စိုးရိမ်စရာကောင်းတဲ့ လုပ်ဆောင်မှုမျိုးတွေ ပြုလုပ်တာကို စမ်းသပ်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အထူးသဖြင့် အမျိုးသမီးတွေမှာ ဒီသက်ရောက်မှုက ပိုမိုပြင်းထန်တာကို တွေ့ရှိရပြီး ဒါဟာ ညဆိုင်းအလုပ်လုပ်ကိုင်ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အခြားသော ဝန်ထမ်းများအတွက် သတိပြုစရာ ဖြစ်လာတယ်လို့လည်း ဆိုထားပါတယ်။ကမ္ဘာပေါ်မှာ လူကြီး ၈၅ ရာခိုင်နှုန်းခန့်ဟာ ကဖိန်းဓာတ်ကို ပုံမှန်မှီဝဲနေကြတာကြောင့် ညဘက် ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ကျား၊ မ ကွဲပြားမှုတွေအပေါ် ကော်ဖီက ဘယ်လိုသက်ရောက်မှု ရှိလဲဆိုတာကို ပိုမိုနားလည်ဖို့ ကြိုးစားနေသလို အခုလေ့လာမှုက ညဘက်ကော်ဖီသောက်ပြီး အလုပ်လုပ်နေရသူတွေအတွက် အရေးကြီးတဲ့အချက် ဖြစ်လာနိုင်တယ်လို့လည်း ပညာရှင်များက ပြောကြားထားပါတယ်။



