အီရန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလုပ်ငန်းများအားတိုက်ခိုက်မည့် အစီအစဉ်ကို လာမည့် ဧပြီ ၆ ရက်အထိ၁၀ ရက် ထပ်မံဆိုင်းငံ့ပေးထားမည်ဖြစ်ကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မတ်၂၆ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။အီရန်နိုင်ငံ၏ တောင်းဆိုချက်အရ မိမိအနေဖြင့် အီရန်လျှပ်စစ်ဓာတ်အားလုပ်ငန်းများအား တိုက်ခိုက်မည့် အစီအစဉ်ကို ဧပြီ ၆ ရက်အထိ ၁၀ ရက်ထပ်မံ ဆိုင်းငံ့ပေးထားမည် ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ၎င်း၏ လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားထား သည်။ သတင်းမီဒီယာအတုအယောင်များတွင် ဖော်ပြထားသကဲ့သို့ မဟုတ်ဘဲ အမေရိကန်နှင့်အီရန်တို့အကြား ဆွေးနွေးညှိနှိုင်းမှုများ ဆက်ရှိနေဆဲဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားထားသည်။အမေရိကန် ပြည်ထောင်စုသည် လက်ရှိအချိန်တွင် အီရန်စစ်ပွဲကို အဆုံးသတ်နိုင်ရေး အတွက်အချက် ၁၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်တစ်ရပ်ကို အဆိုပြုထားရာ အီရန် နိုင်ငံကလည်း တန်ပြန်တောင်းဆိုချက်များကို အမေရိကန်အစိုးရထံပြန်လည်ပေးပို့ထား ကြောင်း သိရသည်။အီရန်၏ တောင်းဆိုချက်များထဲတွင် အီရန်နှင့် အီရန်ဩဇာခံ အုပ်စုများအား တိုက်ခိုက် နေမှုကို အမေရိကန်နှင့် အစ္စရေးတို့က ရပ်တန့်ပေးရေး၊ အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်စခန်းများ ပိတ်သိမ်းရေး၊ အီရန်ကို စစ်လျော်ကြေးပေးအပ်ရေး၊ ဟော်မုဇ် ရေလက်ကြားဒေသအပေါ် အီရန်၏ အချုပ်အခြာပိုင်စိုးမှုကို လေးစားရေး စသည့်အချက် များလည်း ပါဝင်ကြောင်း သိရသည်။အီရန်၏ အထက်ပါ တောင်းဆိုချက်များသည် အမေရိကန်အစိုးရ၏ လက်သင့်ခံနိုင်သော တောင်းဆိုချက်များမဟုတ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက ပြောကြား ထားသည်။အမေရိကန်အစိုးရ၏ အီရန်စစ်ပွဲ အဆုံးသတ်ရေးအတွက် တောင်းဆိုထားသော အချက် ၁၅ ချက်မှာလည်း တရားမျှတမှုမရှိကြောင်း အီရန်တာဝန်ရှိသူများက ပြောကြားထားသည်။



