ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း (Association of Myanmar Alumni from Universities in Thailand- AMAUT ) မှ ကြီးမှူးကျင်းပမည့် (၁၁) ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲ (11th Thailand Education Fair Myanmar) ကို ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။အဆိုပါ ပညာရေးပြပွဲကို လာမည့် ဧပြီလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ် Grand Ballroom ၌ ကျင်းပမည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ နိုင်ငံတကာအဆင့်မီ နာမည်ကျော် တက္ကသိုလ် ၂၂ ခု ပါဝင်ပြသမှာဖြစ်ကြောင်းလည်း သိရပါတယ်။
စိတ်ပါဝင်စားသည့် မြန်မာကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်၊ ကောလိပ်၊ ပညာရေး အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များထံမှ သတင်းအချက်အလက်များကို တစ်ပြိုင်တည်းရယူနိုင်မှာဖြစ်သလို ထိုင်းနိုင်ငံရှိ နာမည်ကြီးတက္ကသိုလ်များမှ တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ အပြည့်အဝ ပညာသင်ဆုအပြင် တစ်စိတ်တစ်ပိုင်းထောက်ပံ့ကြေးများကိုပါ တစ်နေရာတည်း၌ မေးမြန်းစုံစမ်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ တက္ကသိုလ် Admission Officers များ၊ Professor များနှင့် တိုက်ရိုက်မျက်နှာချင်းဆိုင်တွေ့ဆုံကာ ဘာသာရပ် ရွေးချယ်ခြင်း၊ ကျောင်းဝင်ခွင့်လိုအပ်ချက်များကို မေးမြန်းနိုင်ခြင်း၊ Business, Engineering, Medical Sciences, IT, Hospitality နှင့် တခြားသော ခေတ်မီဘာသာရပ်ပေါင်းစုံကို စိတ်ကြိုက်ရွေးချယ်နိုင်ခြင်း၊ ကျောင်းလခ၊ နယ်မြေအခြေအနေ၊ အင်္ဂလိပ်စာလိုအပ်ချက်နှင့် ဘွဲ့ရပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းများကို အသေးစိတ် သိရှိနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။အဆိုပါ ပြပွဲသည် မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ကွန်ရက်များချိတ်ဆက်နိုင်မည့် ပညာရေးပြပွဲဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက်လေ့လာနိုင်ကြောင်းလည်း ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း မှ သိရပါတယ်။



