မတ်လ ၂၅ ရက် နေ့လယ်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်း-မန္တလေးလမ်းပိုင်းက ဆီဆိုင်တစ်ဆိုင်မှာ နာရီနဲ့ချီပြီး ဆိုင်ကယ်ဆီဝယ်ယူခွင့်ရဖို့ တန်းစီခဲ့တဲ့ (၆၁)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ ညနေ ၄နာရီခွဲလောက်မှာ အိမ်ပြန်ရောက်ချိန် ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ကွယ်လွန်သူ အမျိုးသမီးဟာ မြန်မာ့သစ်လုပ်ငန်း၊ မန္တလေးတိုင်းရုံးက အကြီးတန်းစာရေး ဒေါ်သက်သက်အောင်ဖြစ်ကြောင်း သိရပါတယ်။မန္တလေးမြို့မှာ အပူဒဏ်ပြင်းနေပြီး မော်တော်ယာဥ်တွေဟာ စက်သုံးဆီရဖို့ နေပူထဲ အချိန်လေးနာရီထက်မနည်း တန်းစီစောင့်ဆိုင်းကာ ဝယ်ယူနေရကြောင်း မြို့ခံတွေက ပြောပါတယ်။ဒီကနေ့ မနက် ၁၀နာရီကျော်ကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့မှာ စက်သုံးဆီဝယ်ဖို့ တန်းစီရင်း အသက်(၈၀)ကျော် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး မူးလဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။



