နာတာရှည် ကိုဗစ်ရောဂါလက္ခဏာတွေ ရေရှည်ခံစားရမှုကို တားဆီးပေးနိုင်မယ့် အကျိုးပြု ဘတ်တီးရီးယားတစ်မျိုးကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ကမ္ဘာတစ်ဝန်းရှိ ကိုဗစ်ဖြစ်ဖူးသူတွေရဲ့ ၆ ရာခိုင်နှုန်းခန့်မှာ ကြုံတွေ့နေရတဲ့ အဆိုပါပြဿနာကို ဖြေရှင်းနိုင်ဖို့ ဘယ်ဂျီယံနိုင်ငံ လူဗိန်းတက္ကသိုလ်က ၅ နှစ်ကြာသုတေသနပြုလုပ်ခဲ့တာဖြစ်ပြီး ယင်းသုတေသနမှာ အသက်ရှူလမ်းကြောင်းအတွင်း သဘာဝအလျောက်နေထိုင်တဲ့ Dolosigranulum pigrum လို့ခေါ်တဲ့ ဘတ်တီးရီးယားဟာ နာတာရှည် ကိုဗစ်ရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အဓိကသော့ချက်ဖြစ်တယ်လို့ ဆိုပါတယ်။သုတေသီတွေဟာ လူနာ ၁၅၆ ဦးရဲ့ သွေးနမူနာနဲ့ နှာခေါင်းတို့ဖတ်တွေကို စစ်ဆေးခဲ့ရာမှာ အဲဒီဘတ်တီးရီးယား ပမာဏများများ ရှိသူတွေဟာ ရောဂါကနေပြန်ပြီး နာလန်ထူနှုန်း ပိုကောင်းတာ တွေ့ရပြီး အထူးသဖြင့် မောပန်းနွမ်းနယ်တာ၊ မှတ်ဉာဏ်ပိုင်းဆိုင်ရာအခက်အခဲနဲ့ အသက်ရှူမဝတာမျိုးတွေ ဖြစ်နိုင်ခြေနည်းပါးသွားတာကို တွေ့ရှိခဲ့ရတာလို့ သိရပါတယ်။အဆိုပါ အကျိုးပြု ဘတ်တီးရီးယားဟာ ကိုဗစ်တင်မကဘဲ တုပ်ကွေးရောဂါပြင်းထန်မှုကိုပါ ကာကွယ်ပေးနိုင်တာကြောင့် ပညာရှင်တွေက ဆောင်းရာသီမတိုင်ခင် နှာခေါင်းထဲဖျန်းပေးရုံနဲ့ ရောဂါပိုးတွေကို ခုခံနိုင်မယ့် ပရိုဘိုင်အိုတစ်တွေကို ထုတ်လုပ်နိုင်ဖို့ မျှော်လင့်နေကြတယ်လို့ ဆိုထားပါတယ်။



