ပြည်ပထွက်ခွာခွင့်နှင့် ပတ်သက်၍ အချက်အလက် လိမ်လည်တင်ပြသူများနှင့် နောက်ကွယ်မှ ကူညီပေးသူများကို ဖော်ထုတ်အရေးယူသွားမည်ဟု အလုပ်သမားဝန်ကြီးဌာနက မတ်လ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။အလုပ်သမားအသစ်အချို့သည် ခွင့်ပြန်အလုပ်သမားအသွင်ဖြင့် လမ်းကြောင်းလွဲကာ ပြည်ပထွက်ခွာရန် ကြိုးပမ်းမှုများ ရှိနေသောကြောင့် ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအပါအဝင် တည်ဆဲဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားမည်ဟု ဆိုထားသည်။ထို့ပြင် လိမ်လည်မှုကျူးလွန်သူများကို ကာလသတ်မှတ်ချက်တစ်ခုဖြင့် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်းနှင့် အမည်ပျက်စာရင်း (Blacklist) သတ်မှတ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက သတိပေးထားသည်။ယခုကဲ့သို့ စီစစ်ရခြင်းမှာ ခွင့်ပြန်အလုပ်သမားမဟုတ်ဘဲ ပြည်ပသို့ တရားမဝင် ထွက်ခွာခြင်းမျိုး မရှိစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဖော်ပြထားသည်။



