နွေစပါးရိတ်သိမ်းဖို့အတွက် စက်သုံးဆီ အခက်အခဲဖြစ်နေတဲ့ တောင်သူတွေကို ဒီဇယ်ရရှိအောင်ကူညီပေးနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းက သိရပါတယ်။ ကနဦးအနေနဲ့ စပါးရိတ်သိမ်းနိုင်ဖို့အတွက် လေးရက် ၊ ငါးရက်စာ အနည်းဆုံးကုန်ကျနိုင်မယ့် ဒီဇယ်ဂါလံအတွက်သာ တောင်သူတွေ ဝယ်ယူရရှိနိုင်အောင် ဆောင်ရွက်ပေးနိုင်သေးတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။ တောင်သူတွေကို စက်သုံးဆီ ဝယ်ယူရရှိနိုင်အောင်ကူညီပေးမှုအနေနဲ့ ပြီးခဲ့တဲ့တပတ်ကစတင်ပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း ပထမအကြိမ်မှာ ဆီဂါလံ တသိန်းရှစ်သောင်း ဖြန့်ချီပေးနိုင်ခဲ့ပြီး ဒီနေ့မတ် ၂၆ ရက်မှာ ဒုတိယအကြိမ်အဖြစ် ဆီဂါလံ ငါးသိန်းခန့် ဖြန့်ဖြူးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ခုလို စက်သုံးဆီ ရရှိအောင် ဆောင်ရွက်ပေးမှုအပေါ် ရိတ်ခြွေစက်ပိုင်တောင်သူတယောက်က " ကျွန်တော်တို့တော့ ဘယ်သူမှလည်း မဆက်သွယ်တော့ မသိဘူး ။ ကိုယ့်ဘာသာ အပြင်ရတဲ့ဆီကနေ စျေးကြီးပေးဝယ်ယူနေရတာပဲ ။ အရင်တပတ်က ဝယ်လိုက်တာ တပီပါကို ၂၀ ကျော်တယ်။ ပြီးတော့ သူတို့ထုတ်ပေးတဲ့ဆီကလည်း ငါးရက်စာလောက်ပဲရမယ်ဆိုတော့ အဆင်မပြေဘူးလေ ။ ကျန်တဲ့ရက်အတွက်က ရှာရအုံးမှာ ။ အခုက တရားဝင်ကျခွဲတမ်းမရဘဲ မှောင်ခိုစျေးနဲ့ကျ ဝယ်လို့ရတဲ့သဘောဖြစ်နေတယ် ။ " လို့ ပဲခူးအရှေ့ခြမ်းက ရိတ်ခြွေစက် ပိုင်ရှင်တစ်ယောက်က ပြောပါတယ်။ အသင်းအဖွဲ့အနေနဲ့ကတော့ လက်ရှိမှာ စက်သုံးဆီ ဖြန့်ချီပေးရာမှာ လက်ရှိ နွေစပါးရိတ်သိမ်းမှုစတင်နေတဲ့ ပဲခူးတိုင်း ၊ ဧရာဝတီ တိုင်းက တောင်သူတွေနဲ့ ဆန်စက်တချို့ကို ဆီရရှိအောင် ကူညီပေးနေတာဖြစ်ကြောင်း ၊ စျေးနူန်းအနေနဲ့ဆိုရင် အစိုးရသတ်မှတ်ဆိုင်ရောင်းဈေးအတိုင်း နီးစပ်ရာမြို့နယ်ရှိ စက်သုံးဆီဆိုင်မှာထုတ်ယူရမှာ ဖြစ်တယ်လို့ သိရပါတယ် ။ စက်သုံးဆီအခက်အခဲ ရှိနေတဲ့ စပါးရိတ်သိမ်းမယ့် တောင်သူတွေအနေနဲ့ အမှန်တကယ်ကုန်ကျနိုင်မယ့် လေးရက်မှ ငါးရက်အတွက် အနည်းဆုံး ဒီဇယ်ဂါလံအရေအတွက်ကို တွက်ချက်ပြီး နီးစပ်ရာ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းနဲ့ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းကို စားရင်းပေးပို့ဖို့ ပြောဆိုထားပါတယ်။ လက်ရှိမှာတော့ တောင်သူတွေအနေနဲ့ စပါးရိတ်သိမ်းဖို့အတွက် ဒီဇယ်တပီပါကို ကျပ်သိန်း ၂၀ ကျော်အထိ စျေးပေးပြီး ဝယ်ယူကာ ရိတ်သိမ်းနေကြရတယ်လို့ သိရပါတယ်။



