စက်သုံးဆီ အရောင်းဆိုင်တွေမှာ လှည့်လည် ဆီ တန်းစီထုတ်ယူ စုဆောင်းပြီး မှောင်ခိုဈေးကွက်မှာ မတန်တဆ အမြင့်ဈေးနဲ့ ပြန်လည် ရောင်းစားတဲ့သူတွေ ရှိနေတယ်လို့ စုံစမ်း သိရှိရပါတယ်။လက်ရှိ နိုင်ငံရဲ့ စက်သုံးဆီ ချွေတာရေးစနစ်အရ ပြီးခဲ့တဲ့ မတ် ၁၂ ရက်မှစတင်ကာ Wheel Tax (ယာဉ်သက်သေခံလက်မှတ်) ပါ ဘားကုဒ်/QR ကုဒ်နဲ့ စစ်ဆေးပြီး စက်သုံးဆီတွေကို အရောင်းဆိုင်တွေမှာ အရေအတွက် အကန့်အသတ်နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။လက်ရှိမှာတော့ တချို့သော ယာဉ်မောင်းတွေဟာ ဆီဆိုင်တွေက ဝန်ထမ်းတွေကို ငွေကြေးပေးပြီး ဘားကုဒ်ကို scan မဖတ်ဘဲ အကြိမ်ကြိမ် ဆီထုတ်ကာ မှောင်ခိုဈေးကွက်မှာ စီးပွားဖြစ် ရောင်းစားနေကြတယ်လို့ သိရပါတယ်။
ယာဉ်မောင်းတချို့ဟာ ဆီဆိုင်တွေမှာ ဆီထုတ်ယူပြီးနောက် ၎င်းတို့နဲ့ ရင်းနှီးမှုရှိတဲ့ ကားဝပ်ရှော့ဆိုင်တွေကို သွားရောက်ကာ ကားထဲကဆီကို ထုတ်ယူပြီး ရောင်းချနေတာ ဖြစ်တယ်လို့ သိရပါတယ်။ စက်သုံးဆီ မှောင်ခိုဈေးကွက်အတွင်း ၉၂ ဓာတ်ဆီ တလီတာကို ၇,၅၀၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာကို ကျပ် ၈,၀၀၀ ၊ ၉,၀၀၀ ကနေ ကျပ် တသောင်းဝန်းကျင်အထိ ပေါက်ဈေးရှိနေပြီး ၉၅ ဓာတ်ဆီက ပိုပြီး အဝယ်လိုက်နေတယ်လို့ သိရပါတယ်။အဲဒီလို ဆီထုတ်ယူ ရောင်းစားသူတွေကြောင့် စက်သုံးဆီ အရောင်းဆိုင်တွေမှာ ဆီတန်းစီနေရတဲ့ ကားတန်းကြီးတွေ ရှည်လျားများပြားနေပြီး အမှန်တကယ် လိုအပ်သူတွေအနေနဲ့ ဆီတခါထုတ်ယူနိုင်ဖို့ နေ့တဝက်လောက်အချိန်ပေးပြီး စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။



