မတ်လ24ရက်အင်္ဂါနေ့က ကျင်းပခဲ့သော ဒိန်းမတ်ပါလီမန်ရွေးကောက်ပွဲတွင် အာဏာရဆိုရှယ်ဒီမိုကရက်ပါတီသည် အင်အားအကြီးဆုံးပါတီအဖြစ် ဆက်လက်ရပ်တည်နေကြောင်း ဒိန်းမတ်ပြည်မကြီး၏ ပဏာမတရားဝင်မဲရလဒ်များအရ သိရသည်။ ဂရင်းလန်းနှင့် ဖာရိုးကျွန်းစုတို့တွင်မူ မဲရေတွက်ဆဲ ဖြစ်ကြောင်း သိရသည်။
ဒေသစံတော်ချိန် ည ၁၁:၃၅ နာရီအထိ ဒိန်းမတ်ပြည်မကြီးရှိ မဲရုံပေါင်း ၁,၃၁၄ ရုံအနက် ၁,၃၀၆ ရုံမှ ထွက်ပေါ်လာသော ပဏာမရလဒ်များအရ ဆိုရှယ်ဒီမိုကရက်ပါတီသည် မဲအရေအတွက် ၂၁.၉ ရာခိုင်နှုန်း ရရှိထားသည်။ ယင်းမှာ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင် ရရှိခဲ့သော ၂၇.၆ ရာခိုင်နှုန်းထက် လျော့နည်းသွားခြင်း ဖြစ်ပေသည်။ဆိုရှယ်လစ်ပြည်သူ့ပါတီက ၁၁.၅ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရှိနေပြီး ၎င်းတို့နောက်တွင် ဒိန်းမတ်လစ်ဘရယ်ပါတီက ၁၀.၃ ရာခိုင်နှုန်း၊ လစ်ဘရယ်မဟာမိတ်ပါတီက ၉.၄ ရာခိုင်နှုန်းနှင့် ဒိန်းမတ်ပြည်သူ့ပါတီက ၉.၂ ရာခိုင်နှုန်း အသီးသီး ရရှိထားကြသည်။



