မွန်ပြည်နယ်ရှိဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီးရှိ တောင်တက်ကားခ ဈေးနှုန်းများကို လက်ရှိ စက်သုံးဆီအခက်အခဲများကြောင့် ၂၀၂၆ ခုနှစ် မတ် ၂၃ ရက်မှ စတင်၍ တိုးမြှင့်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း တောင်တက်မော်တော်ယာဉ် ကားဂိတ်မှ သိရပါတယ်။
ယခင်က တောင်တက်ကားခဈေးနှုန်းက ခေါင်းခန်းမှာ ထိုင်စီးမယ့် ခရီးသည်တစ်ဦးကို ငွေကျပ် ၉,၀၀၀ နဲ့ နောက်ခန်းမှာ လိုက်စီးမယ့် ခရီးသည် တစ်ဦးကို ငွေကျပ် ၇,၀၀၀ ကောက်ခံပါတယ်။ ယခု မတ် ၂၃ ရက်မှ စတင်ပြီး ခေါင်းခန်းကို တစ်ဦး ၁၁,၀၀ဝ ကျပ်နဲ့ နောက်ခန်းကို ၉,၀၀ဝ ကျပ်နှုန်းနဲ့ ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်တာဖြစ်ပါတယ်။ မတ် ၂၃ ရက်နေ့ မတိုင်ခင် တောင်ပေါ်တက်လာတဲ့ ဘုရားဖူးခရီးသွားများကိုတော့ ယခင်ဈေးနှုန်းနဲ့ပဲ ဘုရားအဆင်းကို လိုက်လံ ပို့ဆောင်ပေးပါတယ်" လို့ တောင်တက်မော်တော်ယာဉ် ကားဂိတ်မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီး၏ ဘုရားပွဲတော်ကာလကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့ အထိ ၇ လတာ ကျင်းပလေ့ရှိပြီး အနယ်နယ် အရပ်ရပ်မှ လာရောက်ဖူးမြော်သူများ အဆင်ပြေချောမွေ့စွာ တောင်တော်ပေါ် တက်ရောက်နိုင်ရန် တောင်တက်ကား အစီး (၁၅၀)ဖြင့် နေ့စဉ်ပြေးဆွဲပေးလျက်ရှိနေပြီး ခရီးသွားများ အန္တရာယ်ကင်းစေရန်အတွက် တောင်တက်ကားများ၏ ကြံ့ခိုင်မှုများကိုလည်း စစ်ဆေးကာ ဝန်ဆောင်မှုပေးလျက်ရှိတယ်လို့ သိရပါတယ်။



